Home
ဆောင်းပါး
ကမ္ဘာကြီးရဲ့ တနေရာမှာ သူ ရှိနေဦးမှာပါ
DVB
·
August 21, 2025

ဒီနေ့ ဩဂုတ်လ ၂၁ ရက်နေ့ဆိုရင် ကျမဘဝထဲက သူ ထွက်သွားတာ တနှစ်တိတိပြည့်သွားခဲ့ပြီ။

အဲဒီနေ့ ကျမတို့ ကမ္ဘာကြီးပျက်သွားတဲ့နေ့

ပြတင်းတံခါးမှန်ကို ဒေါက် ... ဒေါက် … နဲ့ ငှက်တကောင် နှုတ်သီးနဲ့ အဆက်မပြတ် ခေါက်နေတဲ့အသံနဲ့အတူ မနက် ၇ နာရီခွဲလောက် ကျမ အိပ်ရာကနိုးခဲ့တယ်။ အိပ်ရာနိုးနိုးချင်း မျက်နှာသစ်ပြီး အိမ်နဲ့ မလှမ်းမကမ်းက လမ်းမပေါ်  လမ်းလျှောက်ဖို့ထွက်ခဲ့တယ်။ ဒီလမ်းက ကျိုက်ထိုမြို့ထဲကို မဝင်ဘဲ တခြားမြို့တွေကိုသွားဖို့ ဖောက်ထားတဲ့ မြို့ရှောင်လမ်းပါ။ မိုးဖွဲကလည်း ကျနေတယ်။ ညက စောစောအိပ်ရာဝင်တာတောင် ဒီမနက် လမ်းလျှောက်ရတာ စိတ်ကြည်ကြည်လင်လင် မရှိဘူး၊ တခုခုကို စိတ်ထဲ စိုးရိမ်သလို ဖြစ်နေတယ်။ အဲဒါကြောင့် လမ်းအဆုံးအထိ မလျှောက်ဘဲ အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်တော့ အိပ်ရာပေါ်ပြန်လှဲဖို့ ကြိုးစားနေတုန်း မနက် ၉ နာရီလောက်မှာ ဖုန်းသံမြည်လာလို့ ကျမချစ်သူအထင်နဲ့ မျက်စိမှိတ်လျက် ဖုန်းကိုင်မိလိုက်တယ်။

ကျမ ဘာမှမပြောခင် တဖက်က အမောတကော အသံနဲ့ “ နင်တို့ဆီက အသံတွေကြားလား”

ကျမ ပြန်မေးမိတယ်>

“ဘာအသံလဲ အန်တီ” 

“သေနတ်သံတွေပေါ့၊ အိမ်ကလူတွေလည်း တယောက်မှ ဖုန်းဆက်မရဘူး၊ နင် သွားကြည့်ပေးဦး”

စိတ်ထဲ ထင့်ခနဲဖြစ်သွားတယ်။ အဲဒီအိမ်မှာ တခြားဧည့်သည် ယောကျ်ားလေး ၃ ယောက် နေတယ်။ အန်တီ့သားရဲ့ သူငယ်ချင်းတွေလေ။ သူတို့က ကျိုက်ထိုတော်လှန်ရေးအင်အားစုက  ရဲဘော်တွေ ဆိုတော့ သူတို့မှာ သေနတ်တွေလည်း ပါလာနိုင်တယ်။

ဖုန်းချပြီးတာနဲ့ အိမ်နောက်ဖေးမှာ ဟင်းချက်နေတဲ့ အမေ့ကိုတောင် ဘာမှမပြောဘဲ ဆိုင်ကယ်မောင်းပြီး ထွက်ခဲ့တယ်။

ပိုပြီးစိတ်ပူရတာက ကျမကောင်လေးကိုပါ။ သူက အဲဒီအိမ်မှာနေတာ ၂ နှစ်လောက်ရှိပြီ။  အာဏာသိမ်းပြီး ဆန္ဒပြတဲ့ လူငယ်တွေကို ကျမတို့မြို့မှာ လိုက်ဖမ်းတော့ လူငယ်အတော်များများက မြို့နဲ့မဝေးတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲက လွတ်မြောက်နယ်မြေ တခုကို တိမ်းရှောင်ခဲ့ကြရတယ်။ ကျမတို့နှစ်ယောက်လည်း ဆန္ဒပြပွဲတွေမှာ လှုပ်ရှားကြရင်း တခြားသူတွေလိုပဲ တိမ်းရှောင်ကြရတော့ တောထဲမှာ အတူဖြတ်သန်းကြရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။

နောက်တော့ ၂၀၂၃ ဖေဖော်ဝါရီလမှာ ကျမတို့အတူတူ သတင်းစာပညာသင်တန်း တက်ကြရင်း သတင်းထောက်အလုပ် လုပ်ဖြစ်ခဲ့ကြတယ်။

အန်တီ့အိမ်နဲ့ ကျမအိမ်က ဆိုင်ကယ်နဲ့ဆို ၃ မိနစ်ပဲလေ။ ကျမလမ်းထိပ်အရောက်မှာ သဲတင်တဲ့ကား ၂ စီး အဲဒီလမ်းထဲက ထွက်လာတယ်။ အရှေ့ကကားကို မောင်းလာတဲ့သူက ကျမတို့ရွာက အသိ အစ်ကို။

“နင် ဘယ်ကိုလဲ” သူက ကားပေါ်က လှမ်းမေးတယ်။ 

ကျမ မေးငေါ့ပြလိုက်တယ်၊ ဟိုအိမ်ပေါ့။ သူ သိတယ်၊ ကျမ အဲဒီအိမ်ကို တနေ့ ၃ ခေါက်လောက် သွားနေတာလေ။

“နင် ပြန်လှည့်၊ သွားလို့မရဘူး။ ထက်မြတ်သူ အိမ်ကို သေနတ်တွေနဲ့ ဝိုင်းပစ်နေကြတယ်” လို့ အဲဒီအစ်ကိုက ပြောတယ်။

ကျမ သိလိုက်ပြီ၊ သူတို့အိမ် ဝင်အစီးခံရပြီ။ ဆက်သွားရင် ကျမပါ အဖမ်းခံရမယ်ဆိုတာ သိလိုက်ပြီ။ အဲဒါနဲ့ အိမ်ကို အမြန်လှည့်ပြန်ပြီး အလုပ်လုပ်တဲ့ပစ္စည်းတွေ အမြန်သိမ်းတယ်။ ရှိတဲ့ငွေ အနည်းငယ်နဲ့ အဝတ်အစားတချို့ကို အိတ်ထဲထည့်ပြီး အမေ့ကို လှမ်းခေါ်လိုက်တယ်။ 

“သမီးကို တခြားရွာ လိုက်ပို့ပေးပါ။ သူတို့အိမ်ကို စစ်သားတွေ ဝင်စီးနေပြီ”

ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့က အလယ်တန်းကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပါ။ တယောက်ကိုတယောက် အရမ်းချစ်ကြသလို ဘာလုပ်လုပ် အတူတူလုပ်ကြတယ်။ ကိုထက်မြတ်သူက ၂၀၂၁ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ သတင်းဓာတ်ပုံရိုက်ရင်း ဆန္ဒပြပွဲကို ဖြိုခွင်းတဲ့အချိန် စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ လ ကျခဲ့ဖူးသူပါ။ သူ ထောင်ကထွက်လာတဲ့အချိန်မှာ သေထိမှန်ခဲ့တဲ့ သူ့ရဲ့ခြေထောက်တဖက်က  စတီးရိုးထည့်ထားရတော့ သာမန်လူတွေလို မလှုပ်ရှားနိုင်တော့ပါဘူး။

ထောင်ကထွက်လာပြီးနောက် ဓာတ်ပုံဆက်မရိုက်နိုင်တော့ ကျမတို့နဲ့အတူ သတင်းစာသင်တန်း လိုက်တက်ပြီး သတင်းအလုပ်ကို ဆက်လုပ်ခဲ့တာပါ။

အမေ မောင်းတဲ့ ဆိုင်ကယ်နောက်က လိုက်လာရင်း သူတို့နှစ်ယောက်အကြောင်းတွေ ကျမခေါင်းထဲ ရောက်လာတယ်။ အခု သူတို့ ဘာတွေကြုံနေရသလဲ တွေးပြီး မျက်ရည်ကျလာတယ်။ ဖုန်းတွေ တောက်လျှောက် ဆက်တယ်။ ကျမချစ်သူ ကိုဝင်းထွဋ်ဦးဆီ နောက်တော့ ကိုထက်မြတ်သူဆီ၊ အန်တီ့ဆီ။

သူတို့တယောက်မှ ဖုန်းမကိုင်ကြဘူး။ ဘာတွေ ဖြစ်နေပြီလဲ၊ ရင်တွေပူလှပြီ။ သူတို့ကို ဖမ်းခေါ်သွားပြီလား။ ဘယ်ခေါ်သွားသလဲ။ ရဲစခန်းလား၊ စစ်ကြောရေးလား။ မေးခွန်းပေါင်းများစွာနဲ့ ဟိုဘက်ရွာက သူငယ်ချင်းအိမ်ကိုရောက်တဲ့အထိ ကျမ ခေါ်နေတဲ့ဖုန်းကို ဘယ်သူမှမကိုင်ဘူး။

ကိုထက်မြတ်သူ နေအိမ်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ကျောင်းကြီးကုန်းရပ်ကွက် ဓမ္မဒူတ ဘုန်းကြီးကျောင်းဘေးမှာ ရှိပါတယ်။ အဘိုးဖြစ်သူ ပိုင်ဆိုင်တဲ့ ခြံအကျယ်ကြီးထဲမှာ သူတို့သားအမိတွေနေဖို့ တိုက်အိမ်လေးတလုံး ဆောက်ထားတာပါ။ အနောက်မှာတော့ အဘိုးတယောက်တည်း နေတဲ့ သစ် သားအိမ်လေးတလုံးရှိပါတယ်။

ကိုထက်မြတ်သူ အမေက ဒေသထွက်သစ်သီးယိုစုံတွေ ရောင်းပြီး အဘိုးကတော့ သီးပင်စားပင်တွေ စိုက်၊ အေးအေးချမ်းချမ်းနေထိုင်တဲ့ မိသားစုပါ။ ထောင်ကထွက်ပြီး ဒုက္ခိတဖြစ်နေတဲ့ သားဖြစ်သူ စိတ်ချမ်းသာဖို့ကို ဦးစားပေးပြီး သားလုပ်သမျှအလုပ်တွေကို ဝင်စွက်ဖက်တာမရှိဘဲ ခွင့်ပြုထားတဲ့ အမေမျိုးပါ။

ကိုထက်မြတ်သူ အိမ်မှာက သူ့အမေ၊  အဘွား၊ သူ့ညီလေးနဲ့ ကျမကောင်‌လေးဖြစ်တဲ့ ကိုဝင်းထွဋ်ဦး၊ သူတို့ ၅ ယောက် အတူနေကြတာပါ။

မနေ့က ညနေ ၆ နာရီမှာ သူတို့အိမ် ရောက်ခဲ့သေးတယ်။ ထုံးစံအတိုင်း ကျမကောင်လေးဆီပေါ့။ သူတို့ အိမ်မှာ ဧည့်သည်သုံးယောက် ရောက်နေတယ်။ နှစ်ယောက်က  သူတို့သူငယ်ချင်း ကျင်ဝှက်နဲ့ အဝင်း၊ ကျမနဲ့လည်း ရင်းနှီးပါတယ်။ နောက်တယောက်ကတော့ ကိုထက် ဆိုတဲ့ ကောင်လေးတယောက်။ သူတို့တွေက ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့က ရဲဘော်တွေ ဆိုတာ ကိုဝင်းထွဋ်ဦး ပြောပြလို့ ကျမ သိထားတယ်။

အဲဒီနေ့မနက်က ကိုထက်မြတ်သူ တို့နေတဲ့ ခြံပတ်လည်ကို စစ်သားတွေ ကင်းချထားတယ်။ မနက် ၉ နာရီလောက်မှာ အိမ်ရှေ့ကို စစ်ကားနှစ်စီး ထိုးရပ်လာတယ်။ ကားပေါ်က ဆင်းလာတဲ့ စစ်သားအယောက် ၃၀ လောက်က အိမ်ကိုဝိုင်းပြီး ဘာမှမမေးမြန်းဘဲ “အိမ်ထဲမှာရှိတဲ့ကောင်တွေ အကုန်ထွက်ခဲ့၊ မင်းတို့ ရှိနေတာ ငါတို့ သိတယ်” လို့ အော်ဟစ်ဆဲဆိုပြီး အိမ်ကိုသေနတ်နဲ့ ဝိုင်းပစ်ကြတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)မှ  ကိုထက်က “ ‘ဒိုင်း’ ဆိုတဲ့ သေနတ်သံတချက်နဲ့အတူ မျက်လုံးစဖွင့်မိလိုက်တယ်။ အိမ်မက်လိုလို အပြင်မှာလိုလိုနဲ့ လှည့်ကြည့်တော့ ကျနော့်ဘေးမှာ အိပ်နေတဲ့ ကိုကျင်ဝှက်က အိမ်အနောက်ဘက်ကို ထွက်ပြေးသွားတယ်။ ကို အဝင်းက အခန်းထဲ ပြန်ပြေးဝင်ပြီး သေနတ်လာယူတယ်။ ကျနော်တို့ ၂ ယောက် သေနတ်တလက်စီနဲ့ သူတို့ကို ပြန်ပစ်ကြတယ်။ ကြည့်သမျှ နေရာအားလုံး သူတို့လူတွေချည်းပဲ၊ တအိမ်လုံးကို ဝိုင်းထားတယ်။ သေနတ်ငါးချက်လောက် ကျနော် ပြန်ပစ်လိုက်ရတယ်။ ဘေးကိုကြည့်တော့ ကိုအဝင်း ကျသွားပြီ၊ ကျနော်လည်း သေနတ်ပစ်ချပြီး အခန်းထဲက ခုတင်အောက်ကို ပြန်ပြေးပုန်းလိုက်တယ်”လို့ ပြောပါတယ်။

ပထမ ဘာတွေ ဖြစ်သွားတယ်ဆိုတာ သေချာမသိဘဲ ခုတင်အောက်ရောက်မှပဲ အပြင်ကကိစ္စတွေကို နားစွင့်နိုင်တာလို့ဆိုပါတယ်။

ကိုထက်က “ကိုကျင်ဝှက်ကို ဘယ်သူပါသေးလဲလို့ သူတို့ မေးတယ်။  သူက ငထက် ပါတယ်လို့ ပြန်ဖြေသံ ကြားတယ်။ ခုတင်အောက်မှာ ကျနော် နှစ်နာရီလောက် ကြာတယ်။ အဲဒီနှစ်နာရီလုံး သူတို့က အိမ်ထဲမှာပဲ၊ ဘယ်မှ မသွားဘူး၊ အိမ်ထဲမှာ သူတို့ပတ်ရှာတယ်၊ သေနတ်တွေနဲ့ပစ်တယ်။ မီးစက်တွေရော ဆိုင်ကယ်တွေရော ကားပေါ်ကိုတင်တဲ့ အသံတွေကြားရတယ်။ အလောင်းတွေရော ရှင်နေတဲ့လူတွေရော ကားပေါ်တင်လို့ ပြောတဲ့အသံတွေ အကုန်ကြားရတယ်”လို့ ပြန်ပြောပြပါတယ်။

KRF ရဲဘော်ကျင်ဝှက်နဲ့ အဝင်းက ကိုထက်မြတ်သူနဲ့ ငယ်ငယ်ကတည်းက ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သလို အရင်ထဲကလည်း တယောက်အိမ်တယောက် အဝင်အထွက်ရှိ ကြသူတွေပါ။ အာဏာသိမ်းပြီးနောက် ကိုထက်မြက်သူက ထောင်ထဲရောက်၊ သူတို့က လက်နက်ကိုင်တပ်ထဲ ရောက်ပြီး အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။

ကိုထက်မြတ်သူ ထောင်ကလွတ်ပြီးနောက်ပိုင်း တခါတရံ သူတို့ လာလည်တတ်ပါတယ်။ ကျိုက်ထိုမြို့နယ်တခုလုံးကို စစ်တပ်က အပြည့်အဝမထိန်းချုပ်နိုင်တော့ မြို့နဲ့နီးတဲ့ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အလွယ်တကူ သွားလာလို့ရတဲ့အနေအထားရှိပါတယ်။

မနက် ၁၁ နာရီလောက်မှာ ကျမဖုန်းကို နံပါတ်အစိမ်းတခု ဝင်လာတယ်။ အန်တီပါ။

“သမီး‌ရေ သူတို့အန်တီကို ဝိုင်းရိုက်ကြတယ်၊ အန်တီ့ဖုန်းကိုလည်း ယူသွားတယ်။ အန်တီလေ နင်တို့ ငါ့သားကို သတ်လိုက်ပြီလားလို့ပဲ မေးလိုက်နိုင်တယ်။” 

ကျမ ပြန်မေးမိတာက “အန်တီ သူတို့ရော၊ သူတို့ရော”

“သူတို့ အခြေအနေမကောင်းဘူး သမီး။ နာရေးကား ၂ စီးနဲ့ သူတို့ကို တင်သွားတယ်”

“ဘယ်ခေါ်သွားတာလဲ အန်တီ၊ ဆေးရုံလား”

“အန်တီ စုံစမ်းဦးမယ် သေချာမသိသေးဘူး၊ တီ..တီ”

ဖုန်းကျသွားတယ်။ ကျမ ဆက်သွယ်လို့ မရတော့ဘူး။

အခင်းဖြစ်တဲ့နေရာနဲ့ မဝေးတဲ့ရွာက သူငယ်ချင်းအိမ်မှာနေရင်း ကျမ သူတို့သတင်းကို စောင့်နေခဲ့ပါတယ်။ ၂၂ ရက်နေ့မှာတော့ အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ သူတို့သေသွားတာ သေချာပြီဆိုတဲ့ သတင်းကို ကျမ လက်မခံချင်ဘဲ လက်ခံလိုက်ရပါတယ်။ သူတို့ရဲ့  မိုလ်ဘိုင်းဖုန်းတွေကိုလည်း စစ်သားတွေက သိမ်းသွားတဲ့အတွက် လုံခြုံရေးအတွက် နယ်စပ်က ကျေးရွာတရွာကို  ဩဂုတ်လ ၂၃ ရက်နေ့မှာ ထွက်ခဲ့ရပါတယ်။

စိတ်မှာ တအုံနွေးနွေး ဖြစ်နေခဲ့ရတာကြောင့် နောက်ပိုင်းမှာ သက်ဆိုင်သူတွေကို မေးမြန်းပြီး သူတို့ ပြောပြတာတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။

ကိုထက်မြတ်သူရဲ့ မိခင်ပြန်ပြောပြတာက-

“ဘယ်သူ့ကိုမှ ဆက်သွယ်လို့မရတော့တာနဲ့ အန်တီအိမ်ကို အပြေးပြန်လာခဲ့တယ်။ သေနတ်ကိုင်ထားတဲ့ လူတွေအများကြီးက အိမ်ကိုဝိုင်းထားတယ်။”

“ဘာလာပြန်လုပ်တာလဲ” သူတို့ အန်တီ့ကို မေးတယ်။

“ငါ့အိမ်ငါ ပြန်လာတာပေါ့” 

“အန်တီ မြင်လိုက်ရတာတော့ နင့်အစ်ကိုကြီး (ထက်မြက်သူ)က အိမ်ရှေ့တံခါးနားက သွေးအိုင်ထဲမှာ၊ ဝင်းထွဋ်ဦးက အိမ်နောက်ဖေး လှေကားနားက သွေးအိုင်ထဲမှာ လဲနေတာ။ သူတို့အိမ်ရှေ့ကို တရွတ်တိုက်ပြီး ဆွဲလာတယ်။ ကျင်ဝှက်ကတော့ ခြေထောက်ထိထားတယ် ထင်တယ်၊ အန်တီ့ကို အကူအညီတောင်းတဲ့အကြည့်နဲ့ လှမ်းကြည့်နေတယ်၊ အန်တီ ပြောလိုက်မိသေးတယ်။ ရဲတယောက်က အန်တီ့ဖုန်းကို လှမ်းယူပြီး ပြန်တော့၊ ပြန်တော့လို့ ပြောလို့ အန်တီ ပြန်လာခဲ့ရတယ်။”

အန်တီကတော့ မိခင်အတွက်၊ သား ၂ ယောက်အတွက်နဲ့ သားဖြစ်သူရဲ့ သူငယ်ချင်းတွေအတွက်ပါ ပူပင်နေရသူဖြစ်ပြီး ကိုထက်မြက်သူထက် ၅ နှစ်ငယ်တဲ့ သားအငယ်လေးက အန်တီအလုပ်တွေ အားလုံးကို ကူလုပ်ပေးလို့  မိသားစု စားဝတ်နေရေး အဆင်ပြေနေတာဖြစ်ပါတယ်။ 

အဲဒီနေ့ကစလို့ အန်တီနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဒီကနေ့အထိပါပဲ။ ကျမတို့ ၂ ယောက်လုံး တယောက်ကိုတယောက် ဆက်သွယ်ဖို့ အင်အားတွေ ဒီကနေ့အထိ မရှိကြသေးပါဘူး။

ကိုထက်မြတ်သူရဲ့ ညီဖြစ်သူ ကိုဇင်မင်းကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြန်ပြောင်း ပြောပြထားပါတယ်။ 

“ကျနော်က အစ်ကို့အခန်းရဲ့ဘေးက အခန်းထဲမှာ ဖုန်းသုံးနေတာ။ ‘အုံး’ဆိုတဲ့ သေနတ်သံ ကြားလိုက်တယ်။ သေနတ်သံ ကြားပြီဆိုထဲက သိလိုက်ပြီလေ။ ဟိုကောင်တွေ လာပြီဆိုတာ သိလိုက်ပြီ။ အပြင်ထွက်မကြည့်ဘဲ ထပ်ခိုးပေါ်တတ်ပြီး ပုန်းတာပေါ့။ အိမ်ထဲရောက်တာနဲ့ အခန်းထဲမှာ လူရှိတယ်ထင်ပြီး သူတို့တွေပ စ်တာပေါ့။”

“သေနတ် ဘယ်နှချက်ပစ်တယ် ဆိုတာတောင် မသိနိုင်ဘူး။ ယမ်းနံ့ကိုမွှန်နေတာဘဲ။ အခန်းဝကနေ မင်း ထွက်လာမလား၊ မထွက်လာဘူးလား။ မထွက်ရင် လက်ပစ်ဗုံးနဲ့ပစ်မှာဆိုပြီး သူတို့ ပြောနေကြတယ်။ ကျနော်လည်း သူတို့ ရမ်းပြောတာဖြစ်မှာပါလေဆိုပြီး မထွက်လာဘူး။ ကြောက်ပြီးတော့သာ ထွက်သွားရင် ကျနော်လည်း သေမှာပဲ။ သူတို့ မပြန်မချင်း ကိုယ့်ကိုယ်ကိုယ် သေလူလို့ပဲ သတ်မှတ်ထားတယ်။”

“ပုန်းနေရင်း သူတို့ကို ဗွီဒီယိုရိုက်ဖို့ ဆုံးဖြတ်လိုက်သေးတယ်။ မိသွားရင်တော့ သေမှာပဲဆိုပြီး ငြိမ်နေလိုက်ရတယ်။ ထပ်ခိုးပေါ်တက်ရှာဖို့ အမိန့်ပေးသံကြားတယ်။ တယောက်က ထပ်ခိုးပေါ် လှေကားထောင်တက်ပြီး ဖုန်းမီးနဲ့ထိုးကြည့်တယ်။ အုတ်တပြားစာနေရာမှာ ခြေနှစ်ချောင်းကိုစု၊ ထုပ်တန်းနှစ်ခုကို လက်နဲ့ကိုင်ပြီး ဒီကောင်တွေ မတွေ့အောင် ဝပ်ပြီးပြားအောင် နေနေလိုက်တာ။ နေရာက ကျယ်တာရယ်၊ သူတို့က သေချာမရှာတာမလို့ မတွေ့သွားတာ။” 

“သူတို့ဖု န်းပြောတာက “အဘ မစ်ရှင်အောင်မြင်တယ်၊ သေတဲ့ကောင်လည်း သေပြီ၊ အရှင်မိထားတဲ့ကောင်တွေလည်း ရှိတယ်”လို့ ကြားလိုက်တယ်။ နှစ်နာရီလောက်အကြာမှာ သူတို့ကားတွေ ထွက်သွားတဲ့အသံတွေကြားမှ ကျနော် ပြန်ဆင်းလာတာ” လို့   ကိုဇင်မင်းက ပြောပါတယ်။  

နောက်တနေ့ မနက်အထိ ကျမ မယုံနိုင်သေးဘူး။ ကျမ မျက်စိနဲ့ မမြင်လိုက်ရတာကြောင့်လည်း ပါမယ်။ ကျမ ချစ်သူနဲ့ ကျမ ညတုန်းကမှ စကားတွေ ကြည်ကြည်နူးနူး ပြောနေတာလေ။ ဒီမနက် သူ သေပြီဆိုတာ ကျမ ဘယ်လိုလက်ခံရမလဲ။ 

အသိ အစ်မတယောက်ရဲ့ အကူအညီနဲ့ အလောင်းတွေကို သင်္ဂြိုဟ်လိုက်တဲ့အကြောင်းသိတဲ့ တောင်ကလေးရွာက အစ်ကိုတယောက်နဲ့ စကားပြောခွင့်ရတယ်။ သူ ပြောပြတာကလည်း ကျမ လက်မခံချင်တဲ့ အဖြေတွေ၊ စကားတွေပါပဲ။

တောင်ကလေးကျေးရွာနေ ကိုအောင် (အမည်လွှဲ)က “အဲဒီနေ့မနက်က မိုးတွေ တော်တော်ရွာတယ်။  နေ့လယ်ပိုင်းကျတော့ မိုးနည်းနည်းပါးလို့ နေသာလာတယ်။ ကျနော်တို့ရွာက ကျိုက်ထို-ကင်မွန်းစခန်းသွား ကားလမ်းပေါ်မှာ ရှိတာလေ။ ကင်မွန်းစခန်းသွားရင် လမ်းမှာ သင်္ချိုင်းတခု မြင်ရတဲ့ နေရာလေ၊ ကျနော်တို့ရွာပေါ့။ ကျနော်တို့ရွာသင်္ချိုင်းမှာ စစ်သားအယောက် ၃၀ လောက် ဝိုင်းထားတာ တွေ့တယ်။ စစ်သားတွေ တွေ့ရတာကမဆန်းပါဘူး။ တပ်မ (၄၄) ဌာနချုပ်က ကျနော်တို့ရွာဘေးမှာပဲ ရှိတာရယ်။ ဒီသင်္ချိုင်းနဲ့ဆို တမိုင်လောက်ပဲဝေးမှာ။ မနေ့ကတော့ ထူးဆန်းတာဗျ။ သင်္ချိုင်းကို စစ်သားတွေ ဝိုင်းထားသလို စစ်ကားတွေလည်း နေ့လယ် ၁ နာရီမှာ တခါ၊ ၂ နာရီမှာ တခါ ရောက်လာတယ်။ ကြားတာတော့ PDF အလောင်းတွေဆိုပြီး လာပို့တာတဲ့။ အလောင်းက ၄ လောင်း။ အကုန်လုံးကို တပြိုင်တည်း မီးသင်္ဂြိုဟ်စက်ထဲထည့်ပြီး သင်္ဂြိုဟ်လိုက်ကြတယ်တဲ့။ အလောင်းတွေအနေအထားက ပေပေလူးလူးနဲ့ ခွေခေါက်ပြီး အကုန်လုံး ကျိုးပဲ့နေတာပဲ။ အရိုက်ခံထားရတော့ ရုပ်ပျက်ဆင်းပျက်ပဲတဲ့”လို့ ပြောပြပါတယ်။ 

ကိုအောင် ပြောပြတာက သူတို့နဲ့ပတ်သက်ပြီး ကျမ နောက်ဆုံးကြားတဲ့ သတင်းပါပဲ။  စစ်ကောင်စီဝါဒဖြန့် စောဘမောင် တယ်လီဂရမ်ချန်နယ်မှာတော့ ဩဂုတ် ၂၁ ရက် မနက် ၉ နာရီအချိန် ကျိုက်ထိုမြို့နယ် ဘဲလေးစားသောက်ဆိုင်အနီးမှာ အကြမ်းဖက် KRF အဖွဲ့ကို လုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ အကြမ်းဖက် KRF အလောင်း ၄ လောင်း၊ ပစ္စတိုသုံးလက်၊ ၉ မမ ကျည် ၄၀ တောင့်၊ ကျည်အိမ် ၄ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့အိမ်ကနေ သူတို့သိမ်းဆည်းသွားတဲ့ မိုဘိုင်းဖုန်း ၈ လုံး၊ မော်တော်ဆိုင်ကယ်၊ မီးစက်၊ ရွှေထည်ပစ္စည်း ကာလတန်ဖိုး ငွေကျပ် သိန်း ၂၀၀ ဝန်းကျင်လောက်ကိုတော့ သူတို့ ဖော်ပြလာတာ မတွေ့ပါဘူး။

အသတ်ခံလိုက်ရတဲ့ ၄ ယောက်ထဲက ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ်ဦးတို့က သတင်းအလုပ်လုပ်တဲ့ သတင်းထောက်တွေသာ ဖြစ်ပြီး အဝင်းနဲ့ ကျင်ဝှက်ကတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ။ 

သူတို့ ဘာကြောင့် အားလုံးကို ပစ်သတ်သလဲတော့ ကျမ မတွေးတတ်ပါဘူး။ ကျမအတွက်သာ ဒီကိစ္စက ဆုံးရှုံးမှု ကြီးမားခဲ့တာပါ၊ တနိုင်ငံလုံးက ပြည်သူတွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီ တပ်အတွက်ကတော့ ဒီလိုကိစ္စတွေက အထူးအဆန်းဖြစ်ဟန် မတူပါဘူး။

ကျမရဲ့ ချစ်သူနဲ့ အစ်ကိုဖြစ်သူတို့ သေသွားပြီဆိုတဲ့ အမှန်တရားကို လက်မခံချင်ဘဲ လက်ခံပြီးတဲ့နောက်မှာ ကျမရဲ့ ဘဝလုံခြုံရေးကြောင့် နယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံကို ကျမ ရောက်လာခဲ့ပါတယ်။ ဘဝရပ်တည်ရေးအတွက်ရော သူတို့ စိတ်အားထက်သန်ကြတဲ့အလုပ် ဖြစ်တဲ့ သတင်းထောက်အလုပ်ကို ကျမ ဆက်လုပ်ဖြစ်နေပါတယ်။

ဒီသတ်ဖြတ်မှုဖြစ်ပြီး တနှစ်ကြာလာပေမဲ့ သတင်းထောက်တွေကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဘာမှ ထုတ်ပြန်လာတာမတွေ့ရပါဘူး။ သတင်းထောက် ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ်ဦးတို့ သတ်ဖြတ်ခံရပြီး ၃ လအကြာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ အခင်းဖြစ်ပွားခဲ့တဲ့ ကိုထက်မြတ်သူရဲ့မိခင် ပိုင်ဆိုင်တဲ့နေအိမ်ကို  စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့  ၂၀၂၅ ခုနှစ် သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၆၉ နေရာမှာရှိနေပြီး ဂျာနယ်လစ် အများဆုံးကို မတရားဖမ်းဆီးထောင်ချတဲ့ နိုင်ငံများစာရင်းမှာ တရုတ်နိုင်ငံ ပြီးရင် ဒုတိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လူဦးရေအချိုးအစားနဲ့သာ ယှဉ်လို့ကတော့ မြန်မာပြည်က အများဆုံး ဖြစ်နေတာပါပဲ။

ကျမချစ်သူနဲ့ပတ်သတ်တဲ့ သတင်းအစအနကတော့ အဲဒီနေ့ အခင်းဖြစ်ပြီးကတည်း‌က သူတို့ သေသွားပြီဆိုတာကလွဲလို့ ဘာမှ ထပ်မကြားရတော့ပါဘူး။ သူများတွေ ပြောစကားအရ သူတို့ သေပြီလို့ လက်ခံလိုက်ရပေမဲ့ ကမ္ဘာကြီးရဲ့တနေရာရာမှာ သူ ရှင်သန်နေတယ်လို့ ကျမ ယုံကြည်နေဆဲပါ။ ဘာလို့လဲဆို ကျမ အိပ်မက်ထဲမှာတော့ သူတို့က သက်ရှိထင်ရှား ရှိနေဆဲပဲလေ။  

ကမ္ဘာကြီးရဲ့ တနေရာမှာ သူ ရှိနေဦးမှာပါ။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024