
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာတွေမီးရှို့တဲ့အပြင် အရပ်သား ၅ ယောက်ကိုလည်း သတ်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်တပ် အင်အား ၂၀၀ ဝန်းကျင်ဟာ ဩဂုတ် ၁၆ ရက်ကေန ၁၉ ရက်အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာ ၅ ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့တာနဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေ လုပ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၁၆ ရက်မှာ ထိန်တောရွာကို စစ်ကြောင်းထိုးဝင်လာချိန် စစ်ကြောင်းနဲ့တိုးတဲ့ ရွာသစ်ရွာက အရပ်သား ကိုဇော်ဦး၊ ရီးဒွေးရွာက ကိုဖိုးတရုတ်နဲ့ ထိန်တောရွာက အမျိုးသား ၂ ယောက်အား မီးရှို့သတ်သွားတဲ့အပြင် ထိန်တောရွာက အသက် ၈၀ ကျော်အရွယ် လေဖြတ်နေတဲ့ အဘွားကို အဓမ္မပြုကျင့် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
အဲဒါအပြင် ထိန်တောရွာက အရပ်သားတွေရဲ့ ပစ္စည်းတွေကို ယူသွားပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်သွားတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစုပေါင်းအင်အား ၂၀၀ ကျော်ဟာ ကိုင်းရိုးရွာဘက်ကို စစ်ကြောင်းထိုးတာမှာ ကန့်ဘလူ တကရ ၆၀၀၆ တပ်ကနေ ဟောင်ဝစ်ဇာပစ်နဲ့ ကူပေးခဲ့တယ်လို့ သိရပါတယ်။
ကိုင်းရိုးရွာပရောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းဟာ ကိုင်းရိုးရွာက ပစ္စည်းတွေကို ယူပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်္ဂါထောင့်ရွာနဲ့ သရက်တောရွာကို တပ်ဖြန့်ပြီး ရွာထဲက နေအိမ်တွေကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၉ ရက်မှာလည်း စစ်တပ်က ကျေးပင်အက်ရွာကို ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို ထပ်မီးရှို့တာ၊ တပ်စွဲတာတွေ လုပ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၀ ရက်မှာတော့ ကျေးပင်အက်ဆည်ဘောင်အနီးက ဈေးဆိုင်ခန်းတွေကို မီးရှို့ပြီး ကျေးပင်အက်ရွာထဲမှာလည်း ထပ်မီးရှို့နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်က ရွာမရွာသစ်၊အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ထိန်တော၊ ကိုင်းရိုး၊အင်္ဂါထောင့်၊ သရက်တောနဲ့ ကျေးပင်အက်ရွာက အရပ်သား ထောင်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မင်းဆက်