Home
မြန်မာသတင်း
ပလမြို့တွင် စစ်တပ်က ပြည်သူပိုင် တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ
DVB
·
August 21, 2025

စစ်ရေးတင်းမာနေတဲ့ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို ရိုက်ဖွင့်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်နေကြတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစပြီး စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ပလမြို့ကို ဝင်ရောက်စီးနင်းလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေအကုန် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲပြီးတဲ့ ကာလမှာဆိုတော့ ဒီတော်လှန်ရေးအင်အားစုတွေဘက်က နောက်ပြန်ဆုတ်လိုက်တဲ့အချိန်မှာ ‌ေ-တွေ တော်တော်များများက အိမ်တွေမှာ ရိုက်ဖွင့်တယ်။ ပစ္စည်းတွေ တော်တော်များများယူကြတယ်။ ဖုန်းဆိုင်တွေမှာလည်း ရိုက်ဖွင့်တယ်။ ဖုန်းတွေယူကြတယ်။ ရတဲ့ပစ္စည်းတွေကို ရေလမ်းကနေတဆင့် တခြားနေရာကို ပြန်သယ်ချနေတယ်” လို့ ပြောပါတယ်။ 

ပလမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် စစ်သင်္ဘောနဲ့ပါ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၁၈ ယောက်နဲ့ သံဃာတော် ၂ ပါးပျံလွန်တော်မူပြီး မြို့တွင်းပိတ်မိနေတဲ့ အရပ်သား ၃၂၉ ယောက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကယ်ထုတ်နိုင်ခဲ့တယ်လို့ PDF မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်ကူညီသူတယောက်က “ပလမြို့တိုက်ပွဲတွေမှာ စစ်ရှောင်စခန်းတွေဆီ စစ်ဘေးရှောင်လာတာက အရမ်းနည်းတယ်။ ကျန်လွတ်မြောက်နယ်မြေနဲ့ ရွာတွေမှာ နည်းနည်းနေတာတွေ ရှိတယ်။ ပလက မြို့ဖြစ်တဲ့အတွက် ပိုက်ဆံတွေ အဆင်ပြေတဲ့နေရာ ဖြစ်တယ်။ တချို့သူတွေဆို တိုက်ပွဲမဖြစ်ကတည်းက အထုပ်ကြီး အထုပ်ငယ်တွေနဲ့ ပုလော တို့၊ မြိတ် တို့သွားတာ အများကြီးရှိတယ်။ ရွာထဲမှာနေ ကျန်ခဲ့တဲ့ ပြည်သူတွေအနေနဲ့လည်းပဲ စကစနေပြီး လည်းလှီးသတ်တာတွေလည်း ရှိတယ်။ ဒရုန်းကျပြီး အိမ်မှာဖိနေလို့ အခုထိ အလောင်းပြန်မရသေးတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။ 

ပလမြို့မှာ နှစ်ဖက်တိုက်ပွဲကြောင့် ပလမြို့အပါအဝင် မင်းပြင်၊ ဘိုင်းပြင်၊ မိန်းမမြို့၊ ဇရပ်ဆိပ်နဲ့ တပို စတဲ့ရွာတွေက ဒေသခံတွေဟာ နီးစပ်ရာမြို့နဲ့ လွတ်မြောက်နယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင်တယောက်က “စစ်ရှောင်နေရတာ တလလည်း ပြည့်တော့မယ် ဆိုတော့လေ ကျန်းမာရေးအခြေအနေကတော့ ဒီလိုမျိုးပဲ။ ရွာထဲမှာနေတော့ သူ့ဟာသူတော့ အဆင်ပြေတယ်။ ဒါပေမဲ့ သူတို့ ကူညီထောက်ပံ့ပေးတယ်ဆိုတာ ရွာမှာရှိတဲ့ ရွာသားတွေကပဲ မိသားစုတစုကို ဆန် ၆ ပြည် တအိတ်၊ ပိုက်ဆံ ၃ သောင်း ပေးတာတွေတော့ ရှိတယ်။ နောက်ပိုင်းမှာ ဘာအသံမှလည်း မကြားရဘူး။ ကြာလာဆိုတော့လည်း စစ်ရှောင်တွေအတွက်ကတော့ ပင်ပန်းတာပေါ့နော်။ ရက်တာရှည်လည်း ဖြစ်လာတယ်ဆိုတော့ ဘယ်လို လုပ်ကိုင်စားသောက်ရမလဲဆိုတာလည်း ရှိသေးတယ်လေ။ အခုလက်ရှိနေတဲ့နေရာမှာ အစတုန်းက စစ်ရှောင်လာသူတွေ ၁၀၀ ကျော် ၁၀၀ နီးပါးလောက်ရှိပြီး တချို့ကလည်း မြို့ပေါ်မှာ ထပ်ရှောင်ကြတော့ အခုဆို ၆၀ ၈၀ လောက်ရှိမယ်” လို့ ပြောပါတယ်။ 

ပုလောမြို့နယ် ရေပြင်မှာလည်း စစ်သင်္ဘော ၃ စီးနဲ့ သားပေါက်လှေတွေက နေရာယူထားတာကြောင့် ဒေသခံတချို့ တံငါလုပ်ငန်း မလုပ်ကိုင်ရဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013