
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တပ်လိုက်ချီ မြန်မာပြည်လာတော့မယ်လို့ မြန်မာမီဒီယာ ပလက်ဖောင်းပေါ် မကြာခဏဆိုသလို သတင်းဖော်ပြလာတာ တွေ့ရတယ်။ မြန်မာပြည်သူတွေ စိတ်မဝင်စားတော့တဲ့ မြန်မာ့အရေး အာဆီယံသတင်း။
ဘယ်လိုပဲဖြစ်ဖြစ် မလာစဖူး အလာထူးစွာနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာ ၁၉ ရက်မှာ နေပြည်တော်ခရီးစဉ် စတင်မယ်လို့ ဆိုတယ်။ အဲဒီခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ လာမယ့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့လည်း လိုက်ပါလာကြမှာဆိုတော့ တကယ့်ကို တပ်လိုက်ချီလာတဲ့ ခရီးစဉ်။
၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံ တာဝန်ယူခဲ့စဉ်တုန်းက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ နေပြည်တော်ခရီးစဉ်ဆိုတာ မရှိ။ ဒီနှစ် ဖေဖော်ဝါရီ ၆ ရက်တုန်းက မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် မစ္စတာအော့သ်မန်ဟာရှင် နေပြည်တော်ကို သွားရောက်ခဲ့ပေမဲ့ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်ကောင်စီက အဲဒီခရီးစဉ်အကြောင်း သတင်းထုတ်ပြန်မှုမရှိ၊ အသိအမှတ်မပြုဘူး ဆိုတဲ့ သဘော။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဧပြီ ၆ ရက်မှာ မလေးရှားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာကို သွားရောက်ခွင့်ရခဲ့ပေမဲ့ ငလျင်ခေါင်းစဉ်နဲ့ အာဆီယံက စစ်ကောင်စီကို တိုက်ရိုက်ပေးမယ့် စာနာမှုအကူအညီတွေ လိုချင်နေတာကြောင့် မင်းအောင်လှိုင် ကြည်ဖြူခဲ့တဲ့ပုံ။
မင်းအောင်လှိုင်က ရှင်းတယ်။ သူ့အတွက် လိုအပ်မှုရှိမယ်၊ အကျိုးအမြတ်ရှိနိုင်မယ်ထင်ရင် ဘယ်ကမ္ဘာက သံတမန်ကိုမဆို နေပြည်တော်တံခါး အကျယ်ကြီး ဖွင့်ထားပြီးသား။ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်စဉ်တုန်းက ကမ္ဘောဒီးယားဆိုတာ အာဏာရှင်နိုင်ငံချင်း ဖေးမကူညီချင်စိတ် အပြည့်အဝရှိတာကြောင့် အဲဒီတုန်းက မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ နေပြည်တော်နဲ့ ရွှေလမ်းငွေလမ်းဖောက်ခွင့်ရ။ နေပြည်တော်ရောက်ရင် မြန်မာနိုင်ငံခေါင်းဆောင်အသွင် ဆင်ယင်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့၊ ပြီးရင် မင်းအောင်လှိုင် တွေ့ခိုင်းတဲ့လူတွေနဲ့တွေ့။ လာအိုနိုင်ငံရဲ့ အာဆီယံအထူးကိုယ်စားလှယ်ဆိုရင်လည်း အဲဒီလို။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့တွေ လျှောက်မပြောဘူးဆိုရင် အိုကေ။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း ၂၀၂၅ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ ချိန်းတွေ့ခဲ့သေးတယ်။ မလေးရှားဝန်ကြီးချုပ်က စစ်ကိုင်းငလျင်ကြီး လှုပ်တော့ ငလျင်အရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးကို အာရုံပြုကြကာ အပစ်အခတ် ရပ်စဲကြရေးကနေ မြန်မာ့အရေးစားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာရေးအထိ တမျှော်တခေါ်ကြီး စိတ်ကူးယဉ်ကာ မင်းအောင်လှိုင်ကို ရင်သပ်ကျောသပ် လုပ်ကြည့်ခြင်းဖြစ်တယ်။
မင်းအောင်လှိုင်ကတော့ အာဆီယံဆီကနေ စစ်ကောင်စီကို တိုက်ရိုက်ပေးတဲ့ ငလျင်အကူအညီတွေ ရမှာမို့ မလေးရှားအစိုးရ ဖွင့်ပေးချင်တဲ့ ယာယီဆေးရုံ စစ်ကိုင်းမြို့ပေါ်မှာ ဖွင့်ခွင့်ပေးလိုက်တယ်။ ပြီး တော့ မလေးရှားဝန်ကြီးချုပ်အကြိုက် စာရွက်ပေါ်မှာ အပစ်အခတ်ရပ်စဲပေးလိုက်တယ်။ အပစ်ရပ် ကြောင်း ကြေညာပြီး ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတာကိုတောင် မလေးရှားဝန်ကြီးချုပ်က အပစ်အခတ်ရပ်စဲရေးကြောင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပျက်စီးမှုတွေ လျော့ကျသွားတယ်လို့ ဇူလိုင်လအတွင်း France 24 သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ကြွားလုံးထုတ်လိုက်သေးလေတော့ မင်းအောင်လှိုင်အကြိုက်ပေါ့။
DVB စုစည်းထားတဲ့အချက်အလက်တွေက ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဇွန် ၅ ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ ၈၇၀။ အဲဒီထဲက အကြိမ်ရေ ၇၃၀ ဟာ စစ်ကောင်စီကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားတယ်။
ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဇူလိုင် ၈ ရက် DVB သ တင်းက ဆိုတယ်။ ဆိုတော့ စစ်ကောင်စီအပစ်ရပ်ကြေညာပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လျော့ကျသွားတယ်ဆိုတာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေနဲ့ မလေးရှားဝန်ကြီးချုပ်တို့သာ ယုံမှတ်ထားတဲ့ပုံ၊ ထားတော့။
ဒါပေမဲ့ ဇူလိုင်လက ကျင်းပတဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက မြန်မာ့အရေးဖြေရှင်းရာမှာ စစ်ကောင်စီ ရွေးကောက်ပွဲဟာ ဦးစားပေးမဟုတ်ကြောင်း သဘောတူခဲ့ကြတယ်လို့ မလေးရှားက ဆိုခဲ့တာလည်း မှတ်သားစရာပါ။ ဆက်လက်ပြီး ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှုတစုံတရာ မပါဝင်ခြင်းကလည်း မြန်မာ့အရေးမှာ ဘာဆိုဘာမှ ပြတ်သားမှုမရှိတဲ့ အာဆီယံပီသမှုပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အခုအာဆီယံက စစ်ကော်မရှင်ရွေးကောက်ပွဲအပေါ် အပြတ်ပြောရတော့မယ့် အချိန်ကို နီးကပ်လာပါပြီ။ အဲဒါကြောင့်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး ၄ ဦးကြီးများတောင် ပါတဲ့အဖွဲ့ ရှေ့လမှာ နေပြည်တော် ရောက်လာပါတော့မယ်။ ဒီခရီးစဉ်ဟာ မင်းအောင်လှိုင်အလိုကျ မင်းအောင်လှိုင် စေလိုရာစေ ခရီးစဉ် မဟုတ်တာသေချာပေမဲ့ ရွေးကောက်ပွဲအပေါ် အာဆီယံရဲ့ အသိအမှတ်ပြုမှု ရလိမ့်နိုးနဲ့ မင်းအောင်လှိုင် လက်ခံလိုက်တဲ့ပုံပါ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘာလာလုပ်ကြမှာလဲဆိုတော့ စစ်ကော်မရှင်ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအကြောင်း အသေးစိတ်ဆန်းစစ်သွားမယ်လို့ သတင်းတွေက ဆိုတယ်။ ပြီးတော့ စစ်ကောင်စီကိုဖျက်ပြီး စစ်ကော်မရှင်ဖြစ်လာတဲ့ကိစ္စ၊ အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး မြို့ပေါင်း ၆၀ ကျော်ကို အရေးပေါ်ကြေညာပြန်တာတွေ၊ ပြောရရင် မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာပြန်လွှဲပြီး ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဆိုတာတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လေ့လာကာ လာမယ့် အောက်တိုဘာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကို တင်ပြ။ အာဆီယံ ခေါင်းဆောင်တွေက စစ်ကော်မရှင်ရွေးကောက်ပွဲကို ဘယ်လိုသဘောထားမလဲ ဆွေးနွေးဆုံးဖြတ်ကြမယ့်ပုံ။
တကယ်တော့ စစ်ကော်မရှင်ရွေးကောက်ပွဲဆိုတာ အာဆီယံက ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတယ်ဆိုတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆန့်ကျင်ဘက်၊ ပြဒါးတလမ်း သံတလမ်းမို့ ဘာဆိုဘာမှ လေ့လာစရာမလိုဘဲ ခြွင်းချက်မရှိ ပယ်ချရမှာမို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်လာမယ်ဆိုတာ အလုပ်မရှိ ကြောင်ရေချိုးကြတဲ့သဘော။
ဒါပေမဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကို နိုင်ငံရေးသိက္ခာပျက် တရုတ်နိုင်ငံက ပုံအောထောက်ခံနေရုံ တင်မကဘဲ လူသတ်ဝိဇ္ဇာ ဝရမ်းပြေးမင်းအောင်လှိုင်ကိုတောင် လူရာသွင်း ပရိုမိုးရှင်းလုပ်နေပြီမို့ အာဆီယံ လည်း ပေါ့ပေါ့တန်တန် မလုပ်ရဲတဲ့ပုံ။
ဩဂုတ်လ ပထမပတ်ကလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဦး ဆောင်ပြီး မြန်မာနိုင်ငံရေးမှာ အဓိကအရေးပါတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ လက်ရှိစစ်ရေးအခြေအနေ ဆွေးနွေးခဲ့ကြသေးတာဆိုတော့ အာဆီယံအနေနဲ့ အဖွဲ့စုံ၊ ထောင့်စုံက အသံတွေကို စုစည်းပြီးကာမှ ဆုံးဖြတ်ချက်တခုခု ချမှတ်ခဲ့တယ်ဆိုတာမျိုး အလေးအနက်ထား လုပ်ပြနေတဲ့ပုံ။
အာဆီယံမှာက စစ်ကော်မရှင်ကို ထောက်ခံတဲ့နိုင်ငံ၊ ရေလိုက်ငါးလိုက်နိုင်ငံနဲ့ စစ်ကော်မရှင်ကို လုံးဝ လက်မခံတဲ့ နိုင်ငံတွေဆိုပြီး ၃ စု။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ စစ်တပ် အာဏာသိမ်းမှုကို လက်မခံတဲ့အထိုင်ကနေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြုလက်မှတ်ထိုးကာ နေ့စဉ် မူ ၅ ရပ်ကို အကြမ်းဖက်ဆုတ်ဖြဲရုံတင်မက ငါတကောရွေးကောက်ပွဲတောင် ပြုလုပ်တော့မယ့်အခြေ။
ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံကတော့ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို မသိချင်ယောင် ဆောင် ကျော်သွားလို့ မရတော့တာမို့ ထောက်ခံမလား၊ ပယ်ချမလား ပြတ်ပြတ်သားသား ပြောရပါတော့မယ်။ အာဆီယံက မူမမှန်တာတွေလည်း များနေတော့ အာဆီယံက ဘယ်လိုရှေ့ဆက်မလဲ ဆိုတာကိုတော့ ခုနေခါ ဟောကိန်းထုတ်ဖို့ မလွယ်လှပါဘူး။ အာဆီယံမူ ၅ ရပ်ကို ဆက်လက်သယ်ဆောင်မလား၊ မူ ၅ ရပ်ကို ကိုယ့်ဘာသာ ပြန်သတ်မလား။ စစ်ကော်မရှင်ကတော့ အာဆီယံဘာပြောပြော ရွေးကောက်ပွဲဖြစ်အောင် လုပ်မှာ သေချာပေမဲ့ အာဆီယံရဲ့ မှတ်ချက်က သံတမန်ရေးအရ သက်ရောက်မှုကြီးမှာမို့ စိတ်ဝင်တစား စောင့် မျှော်ကြရပါမယ်။
လင်းဆက်ငြိမ်းချမ်း