Home
ဆောင်းပါး
ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု “ဒေါ်နယ်ထရမ့်ပ်” ရသွားနိုင်မလား
DVB
·
August 20, 2025

တကယ်တော့ကျနော် ယူထားတဲ့ခေါင်းစဉ်က ကာယကံရှင် နိုဘယ်လ်ငြိမ်းချမ်းရေးကော်မတီက စဉ်းစားရ လုပ်ရမယ့်ကိစ္စပါ။ ကျနော်က ကျနော်ပြောချင်တဲ့ အကြောင်းအရာဘက်ရောက်အောင် တမင် ဒီခေါင်းစဉ်ကို ယူထားတာပါ။

၁၉၉၆ ခုနှစ်တုန်းက ကျနော်အလုပ်လုပ်တဲ့ရုံးမှာ အဲဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးပွဲ သတင်းယူဖို့  အခမ်းအနား တက်ခွင့်ရပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမှာပါ။ ကျနော်က နော်ဝေကို ရောက်ကာစ ထိုင်း-မြန်မာနယ်စပ် တောထဲကရောက်လာသူ ဖြစ်တာမို့ ဥရောပပွဲလမ်းသဘင်တွေ မတက်ရဲပါဘူး။ တက်လည်း မတက်ချင်ပါဘူး။ ဒါနဲ့ပဲ တက်ချင်တဲ့ လုပ်ဖော်ကိုင်ဖက် တခြားလူကို အဲဒီအခွင့်အရေး လွှဲပေးလိုက်ပါတယ်။

နောက်တော့ နော်ဝေ အသိမိတ်ဆွေတယောက် လိုက်ပို့လို့ အဲဒီ နိုဘယ်လ်ကော်မတီရဲ့ ဆုပေးစင်မြင့်ခန်းမထဲ ဝင်ကြည့်ဖူးတယ်။ ကျနော့်မျက်စိထဲ စွဲနေတဲ့ မြင်ကွင်းက စင်မြင့်နောက်ခံကားကြီးက နော်ဝေနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကမ္ဘာကျော် ပန်းချီဆရာ “အက်ဗတ်ခ် မွန့်” ရဲ့ ပန်းချီကားကြီး နောက်ခံအပြည့် တပ်ထားတဲ့ မြင်ကွင်းပါပဲ။

အခု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မျှော်မှန်းနေတယ်လို့ လူတချို့က ပြောကြပါတယ်။ သူကလည်း စစ်မှန်ပြီး တကယ်ငြိမ်းချမ်းတာ မငြိမ်းချမ်းတာ နောက်ထား၊ စစ်ပွဲ သုံးပွဲကို ရက်ပိုင်းအတွင်း ရပ်အောင် လုပ်ပြထားတော့ တချို့ကလည်း သူ ရချင်ရသွားလိမ့်မယ်လို့ ပြောတဲ့သူလည်း ရှိပါတယ်။

ဒေါ်နယ်ထရမ့်ပ်အပေါ် မူတည်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုအကြောင်း နည်းနည်း တွေးမိသွားပြန်တယ်။ တကယ်လည်း ဒီဆောင်းပါးက ဒေါ်နယ်ထရမ့်ပ်အကြောင်း အဓိကမဟုတ်ပါဘူး။

တကယ်တော့ နိုဘယ်လ်ဆုတွေက ဆွီဒင်နဲ့ နော်ဝေနိုင်ငံ တနိုင်ငံတည်း ရှိစဉ်တုန်းက စပေးခဲ့တာပါ။ ဆွီဒင်နဲ့ နော်ဝေ နှစ်နိုင်ငံခွဲကြတော့ နော်ဝေက နိုဘယ်လ်ငြိမ်းချမ်းရေးဆု တခုတည်းကိုပဲ ယူထားလိုက်တာပါ။ ကျန်တဲ့ နိုဘယ်လ်ဆု အမျိုးမျိုးကို ဆွီဒင်ကယူတာ ပေးတာပါ။ တွေးမိလက်စနဲ့သာ ပြောတာပါ။ တကယ်တော့ ကျနော်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ နိုဘယ်လ်စာပေဆုကို တခြားနိုဘယ်လ်ဆုတွေထက် ပိုပြီး စိတ်ဝင်စားသူပါ။

နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီတွေဟာ အစိုးရတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ ဩဇာတွေနဲ့ ကင်းလွတ်တယ်လို့ ယူဆရတာမို့ ဒီကော်မတီက ရွေးလို့ပေးတဲ့ နိုဘယ်လ်ဆုတွေဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးဆုနဲ့ ဂုဏ်အရှိဆုံးဆုသဘော ဖြစ်နေတာပါ။

ကမ္ဘာပေါ်မှာ အထင်ရှားဆုံး၊ ဂုဏ်အရှိဆုံးဆု ဖြစ်တယ်ဆိုပေမဲ့ ပေးတဲ့သူက ပေးသည့်တိုင် မယူဘူးဆိုပြီး ငြင်းတဲ့သူလည်း ရှိပါတယ်။

ပြင်သစ် စာရေးဆရာ “ယန်ပေါဆတ်”။ သူက နိုဘယ်လ်စာပေဆုကို မယူချင်ဘူးဆို ငြင်းလို့ တော်တော် ဂယက်ရိုက်ခဲ့ပါတယ်။ ၁၉၆၄ တုန်းကပါ။ ပြီးတော့ ဗီယက်နမ်က “လီဒွတ်သို”။ သူက နိုဘယ်လ်ငြိမ်းချမ်းရေးဆု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး “ဟင်နရီ ကစ်ဆင်းဂျား” နဲ့ တွဲပြီး ရတာပါ။ ၁၉၇၃ နှစ်ပါ။ သူ ဆုရတဲ့အချိန်က ဗီယက်နမ်စစ် ပြီးဆုံးကြောင်း သဘောတူစာချုပ် မချုပ်ဆိုရသေးလို့ဆိုပြီး လီဒွတ်သိုက နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ငြင်းတာပါ။ နောက် ရှိပါသေးတယ်။ ရုရှားက စာရေးဆရာ “ဘောရစ် ပက်စ်တာညက်” ပါ။ သူက ဒေါက်တာဇီးဗါးဂိုး ဝတ္ထုအပေါ် မူတည်ပြီး စာပေဆိုင်ရာ နိုဘယ်လ်ဆု ရတာပါ။ သူလည်း မယူပါရစေနဲ့ဆိုပြီး ငြင်းတဲ့သူပါ။ သူ့ကျတော့ ငြင်းချင်လို့ ငြင်းရတာမဟုတ်ဘဲ ဆိုဗီယက်အစိုးရက ဖိအားပေးလို့ ငြင်းရတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

နောက်ပြီးတော့ ကျနော် နည်းနည်းပိုပြီး စိတ်ဝင်စားတာ ရှိပါသေးတယ်။  နိုဘယ်လ်ဆု ရတုန်းကတော့ ရပြီး နောက်ကျမှ လူတွေ အင်မတန်မုန်းတဲ့ နာဇီတွေနဲ့ ပတ်သက်ခဲ့သူဖြစ်တာ ပေါ်လာလို့ မရှူနိုင်မကယ်နိုင် ဖြစ်ရတဲ့သူလည်း ရှိပါသေးတယ်။ ဂျာမနီနိုင်ငံက ကမ္ဘာကျော်စာရေးဆရာ “ဂန်တာ ဂရပ်စ်” ပါ။ ၁၉၉၉ ခုနှစ်က ရတာပါ။

အံ့အားသင့်ဖို့ကောင်းတဲ့ နိုဘယ်လ်ဆုရှင်တယောက် ရှိပါသေးတယ်။ သူက နော်ဝေနိုင်ငံသားပါ။ “ကွတ် ဟမ်ဆန်” ပါ။ ၁၉၂၀ မှာ ဆုရတာပါ။ သူက နာဇီဟစ်တလာကို နှစ်သက်ထောက်ခံသူအဖြစ် အတိအလင်း ထုတ်ပြောသူပါ။ ဒါပေမဲ့ ဆုရပြီး နှစ် နှစ်ဆယ်လောက်ရှိမှ အခုလို ထုတ်ပြောတာပါ။ ၁၉၄၅ ဟစ်တလာသေတော့ သူက ဝမ်းနည်းဂုဏ်ပြုကြောင်း ကြေညာချက်တောင် ထုတ်လိုက်ပါသေးတယ်။

ဆောင်းပါးရဲ့အစကို ပြန်ကောက်ရရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တယောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လိုချင်ဟန်တူကြောင်း ပြောတဲ့ဆိုတဲ့သူတွေ ရှိပါတယ်။ တချို့ကလည်း ဒေါ်နယ်ထရမ့်ပ်က နိုဘယ်လ်ဆုနဲ့ ထိုက်တန်သူမဟုတ်ဘူးလို့ ပြောပြီး လှောင်ကြ ပြောင်ကြပါတယ်။

တရားဝင် အဆိုပြုတဲ့သူရှိရင် ဒေါ်နယ်ထရမ့်ပ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရကောင်း ရသွားမလားလို့ ကျနော်ကတော့ စိတ်ပူမိပါတယ်။ မပြောတတ်ဘူး။ ဟစ်တလာနဲ့ ပတ်သက်ခဲ့သူတွေ ဟစ်တလာ ထောက်ခံသူတောင် နိုဘယ်လ်ဆု ရသွားသေးတာပဲ မဟုတ်ပါလားဗျာ။

ငြိမ်းဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013