
ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ယူကရိန်း လုံခြုံရေးအတွက် အမေရိကန်က ဥရောပကို ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဇလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ အမြန်စီစဉ်လိုက်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆွေးနွေးနေချိန်မှာ ပြောဆိုလိုက်တာပါ။
ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဖင်လန်၊ ဥရောပသမဂ္ဂနဲ့ နေတိုးခေါင်းဆောင်တွေဟာ ယူကရိန်းနဲ့ ညီညွတ်မှု ရှိနေကြောင်း ပြသဖို့ ဝါရှင်တန်ကို သွားရောက်ပြီး ဇလန်စကီးကို ကျောထောက်နောက်ခံ ပြုပေးကြကာ စစ်ပြီးကာလမှာ ယူကရိန်းနိုင်ငံအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်ရရှိစေဖို့ တွန်းအားပေးခဲ့ကြပါတယ်။
ထရမ့်ပ်နဲ့ ဇလန်းစကီးတို့ဟာ သူတို့တဦးချင်း ဆွေးနွေးမှုအပြီးမှာ စီစဉ်ထားတဲ့ နိုင်ငံစုံဆွေးနွေးပွဲတွေ မတိုင်ခင် ဥရောပခေါင်းဆောင်တွေနဲ့ ပူးတွဲတွေ့ဆုံခဲ့ကြပါတယ်။
ဇလန်းစကီးက သူတို့တယောက်ချင်း ဆွေးနွေးမှုဟာ အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းအတွက် အမေရိကန် လုံခြုံရေးအာမခံချက်ရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ပါတယ်။
ထရမ့်ပ်က ဆွေးနွေးမှုအတွင်း ‘နယ်မြေကိစ္စ အများအပြား’ ပါဝင်ကြောင်းလည်း ပြောပါတယ်။ သူနဲ့ ပူတင်၊ ဇလန်းစကီး တို့ပါဝင်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ ရည်ရွယ်တဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့လည်း ထပ်မံအဆိုပြုခဲ့ပါတယ်။
ဒီစစ်ပွဲကို အပြီးသတ်ဖို့ သံတမန်နည်းလမ်းကို ထောက်ခံကြောင်းနဲ့ ၂ နိုင်ငံ အစည်းအဝေးအတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ဇလန်းစကီးက ပြောပါတယ်။
ထရမ့်ပ်ကတော့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်တခုကို လုပ်နိုင်ကြောင်းနဲ့ တိုက်ပွဲတွေကို ရပ်တန့်စေချင်ပေမဲ့ ဗျူဟာအရတော့ တဖက်နဲ့တဖက် အားနည်းချက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ လုပ်ခဲ့တဲ့ သဘောတူညီချက်တွေ အားလုံးဟာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးကိုတောင် မဖော်ပြထားဘူးလို့လည်း ဆိုပါတယ်။
ပူတင်ကတော့ အဲဒီလိုတွေ့ဆုံမှုမှာ လူသိရှင်ကြား ကတိကဝတ် မပြုထားပေမဲ့ ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ချင်နေပြီလို့ သူ ယူဆထားကြောင်းလည်း ထရမ့်ပ်က ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်က တနင်္လာနေ့မှာ ပူတင်နဲ့ စကားပြောခဲ့ပြီး ဒီဆွေးနွေးပွဲအပြီးမှာလည်း သူ့ဆီ ဖုန်းဆက်ဦးမယ်လို့ ပြောပါတယ်။
Source: Reuters