
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးတို့အကြား မကြာခင်မှာပဲ ထိပ်သီးဆွေးနွေးပွဲတရပ် ကျင်းပဖို့ကိစ္စကို ရုရှားဘက်က အရေးမပါသလို ပြောနေတဲ့အတွက် မရေမရာ ဖြစ်လာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ခေါင်းဆောင် ၂ ယောက် တွေ့ကြဖို့ ထပ်မံတောင်းဆိုလိုက်ပြီး ပူတင်ကိုယ်တိုင်က စစ်ပွဲအဆုံးသတ်ဖို့ စိတ်မဝင်စားတာဖြစ်နိုင်တယ်လို့လည်း ဝန်ခံလိုက်ပါတယ်။
“သမ္မတပူတင်အကြောင်း နောက်အပတ်တွေကျရင် သိလာမှာပေါ့။ သူ့ဘက်က သဘောတူညီချက် မယူချင်တာလည်း ဖြစ်နိုင်ပါတယ်”လို့ ထရမ့်ပ်က ထပ်ပြောထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဥရောပခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ပူတင်ကို ဖုန်းလှမ်းခေါ်တုန်းကလည်း ယူကရိန်းနဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တံခါးဖွင့်ထားတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ နောက်တရက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဘယ်အစည်းအဝေးမဆို ဖြည်းဖြည်းချင်း ပြင်ဆင်ရမှာဖြစ်ပြီး၊ ပညာရှင်အဆင့်ကစပြီးတော့ လိုအပ်တဲ့အဆင့်တွေ တဆင့်ချင်း သွားရမယ်ဆိုတာမျိုး ပြောထားပြန်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယကိုယ်စားလှယ် ဒီမီထရီ ပိုလီယန်းစကီးကတော့ ဘယ်သူမှ တိုက်ရိုက်တွေ့ဆုံဖို့ မပယ်ချပေမဲ့၊ ဆွေးနွေးပွဲလုပ်ဖို့ ဆွေးနွေးပွဲကျင်းပမယ် ဆိုတာမျိုးတော့ မရှိသင့်ဘူးလို့ ပြောကြားခဲ့ပြန်ပါတယ်။
ဇလန်းစကီး မော်စကိုမြို့ကို လာပြီးဆွေးနွေးပါလားလို့ ပူတင်က ထရမ့်ပ်ကို အကြံပြုခဲ့တယ်လို့လည်း သတင်းတွေထွက်နေပြီး ဒီလိုမျိုးကိစ္စကျတော့လည်း ယူကရိန်းဘက်က လက်ခံမှာ မဟုတ်ပါဘူး။
မော်စကိုရဲ့ တောင်းဆိုမှုနဲ့ ကိယက်ဗ်ရဲ့ ရပ်တည်ချက်က အရမ်းကွာဟနေပြီး ယူကရိန်းဘက်က ဘယ်လိုမှ သဘောမတူနိုင်လောက်တဲ့ ရွေးချယ်စရာတွေပဲ ချပြဖို့ ရုရှားဘက်က စီစဉ်ထားတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
Source: Reuters