Home
နိုင်ငံတကာ
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယခရီးစဉ် ဖျက်သိမ်း
DVB
·
August 19, 2025
Photo: REUTERS/Elizabeth Frantz

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ဆီ သွားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး နှစ်နိုင်ငံကြား ကာလရှည်ကြာ မျှော်လင့်ထားတဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက်ကို နိဂုံးချုပ်ဖို့ အချိန်ဇယားက မရေရာတော့ဘူးလို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။

ဩဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီခရီးစဉ်ကို စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလမှာ အပြီးသတ်ဖို့ စီစဉ်ထားတဲ့ ကုန်သွယ်မှု တစိတ်တပိုင်း သဘောတူညီချက်အတွက် အခြေခံအုတ်မြစ်ချဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။

အခုဖျက်သိမ်းလိုက်တာဟာ သဘောတူညီချက်ရဲ့ အချိန်ဇယားကို သံသယဖြစ်စေခဲ့ပြီး အိန္ဒိယ မီဒီယာတွေကတော့ ဒါဟာ နောက်တကြိမ် ဆွေးနွေးပွဲကို ရက်အကန့်အသတ်မရှိ နှောင့်နှေးစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အချိန်ဇယားအသစ်ကို ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ စေ့စပ်ညှိနှိုင်းတာတွေကို တရားဝင် ကုန်သွယ်မှုအဖွဲ့တွေ၊ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ၊ သံတမန်ရေးရာ ဆက်သွယ်ဆောင်ရွက်ချက်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ထိတွေ့ဆက်ဆံမှု အပါအဝင် လမ်းကြောင်းများစွာနဲ့ ဆက်လုပ်နေတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အပြန်အလှန်အကောက်ခွန်” မူဝါဒကို စတင်ကျင့်သုံးချိန် ဧပြီလကတည်းက တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာပါ်

အိန္ဒိယနဲ့ အမြန်သဘောတူညီချက်အတွက် အကောင်းမြင်ထားတယ်လို့ အဲဒီအချိန်မှာ ထရမ့်ပ်က ထုတ်ပြောခဲ့ပေမဲ့ နှစ်ဖက်စလုံးက အခွန်စည်းကြပ်မှုနဲ့ အကောက်ခွန်မဲ့ အတားအဆီးတွေကြောင့် ထိပ်တိုက်တွေ့နေချိန်မှာ ဒီအလားအလာက အမြန်ပျောက်ကွယ်သွားခဲ့ပါတယ်။

ဩဂုတ် ၁ ရက်ကစပြီး အမေရိကန်ဆီ အိန္ဒိယကနေ တင်ပို့ကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ထရမ့်ပ်က ဇူလိုင် ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။

တပတ်အကြာ သြဂုတ် ၆ ရက်မှာတော့ အိန္ဒိယက ရုရှားလောင်စာဆီတွေ ဆက်တင်သွင်းနေတာကို ကိုးကားပြီး အိန္ဒိယကုန်စည်တွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်၍ဖြစ်စေ နောက်ထပ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ဖို့ အမှုဆောင်အမိန့်ကို ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ ပေါင်းစည်းထားတဲ့ အခွန်စည်းကြပ်မှုဟာ အခု စုစုပေါင်း ၅၀ ရာခိုင်နှုန်းရှိပြီး လက်ရှိ ဘယ်အမေရိကန် ကုန်သွယ်မှု မိတ်ဖက်အတွက်မဆို အမြင့်ဆုံးနှုန်းထား ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013