
သူ ရှင်နေတုန်းက
ဘာ ရေးခဲ့ ပြောခဲ့သလဲ
ဘာကိုယုံကြည်ပြီး ရပ်တည်ခဲ့သလဲ
ဘယ်လို တိုက်ပွဲဝင်ခဲ့သလဲ
ဘယ်လောက်ထိ စွန့်လွှတ်ပေးဆပ်ခဲ့သလဲ
ချန်ထားခဲ့တဲ့ သူ့သမိုင်းခြေရာတွေ။ ။
နောင်ကျော်
အထက်ပါ ကဗျာပုဒ်ပါ စာသားကလေးတွေဟာ ဆရာနောင်ကျော် ရေးခဲ့တာပါ။ တိတိကျကျ ပြောရရင်တော့ ဆရာမောင်သာချို ကွယ်လွန်ချိန်မှာ ရေးခဲ့တာ။ ပိုပြီး တိတိကျကျဆိုရင်တော့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က မိုးမခ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တာ။ အတိကျဆုံး ဆိုရရင်တော့ ဆရာနောင်ကျော် မကွယ်လွန်ခင် တလအလိုက ရေးခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈၈၈ မျိုးဆက် ကဗျာဆရာ၊ စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်ဟာ ဩဂုတ်လ ၂၁ ရက်မှာ ရန်ကုန် ဒေါပုံ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
မီးလျှံရဲ့ ခြေသံများ
နေ့မှာ ကြယ်တွေကြွေရ
ညမှာ ရနံ့တွေပါ ခြွေချခံနေရ
အမှောင်ကျခေတ်ညများ။
နေ့ညမှောင် ခရီးမှာ
သွေးမကြောင်တဲ့ မီးရောင်ဟာ
လမ်းကို ရှင်းရှင်းမြင်စေ
ပန်းကို သင်းသင်းဝေစေ
ကြယ်ကို ဝင်းဝင်းလက်စေ
အမြင်ကန်းကို လင်းလင်းထင်စေ။
ကြည့်ကြစမ်းဟေ့
တွေ့မိကြရဲ့လား
သူတို့ ခြေသံတွေထဲမှာတောင်
မီးတောက်မီးလျှံတွေနဲ့။ ။
နောင်ကျော်
၃၁ ဇူလိုင်၊ ၂၀၂၁
ဆရာ နောင်ကျော်ဟာ ၁၉၈၃-၈၄ ခုနှစ်က လုပ်သားကောလိပ်၊ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြ၊ လက်ထောက်နည်းပြပါ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ မဟာဝိဇ္ဇာတန်း တက်ခဲ့ပြီး ၁၉၈၆ ခု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြတာဝန် ထမ်းဆောင်ခဲ့သူ ဆရာတဦး ဖြစ်ပါတယ်။ ၈၈၈၈ လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ၁၉၈၉ ဇူလိုင်မှာ အဖမ်းခံခဲ့ရပါတယ်။ ထောင် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ပါတယ်။
ဆရာနောင်ကျော် ပြောခဲ့တာတွေ
သူပြောတာတွေကတော့ များသားကလား။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာလေးတွေကလည်း သူပြောခဲ့တာပဲပေါ့။ ရေးပြီး ပြောခဲ့တာတွေပေါ့။ သူဟာ ကဗျာတွေနဲ့ ပြောတယ်။ ဆောင်းပါးတွေ ရေးပြီး ပြောခဲ့တယ်။ ဝတ္ထုတိုတွေနဲ့ရော ဝတ္ထုရှည်တွေနဲ့ရော ပြောခဲ့ပါတယ်။ မိုးမခမှာ သူရေးခဲ့တဲ့ “လွမ်းတာနဲ့ ဥပက္ခာ” ခေါင်းစဉ်နဲ့ “အက်ဆေး” လေးထဲက စာသားလေးတွေကို ဖတ်ကြည့်ကြပါ။
“ကိုယ်ကျင်လည် ရှင်သန်ရတဲ့ခေတ်မှာ မတရားမှု မမျှတမှု ဖိနှိပ်ချုပ်ချယ်မှုတွေကို တွေ့နေလျက်နဲ့ ဥပေက္ခာပြုနေတတ်သူတွေထဲ ကိုယ်မပါရင် တော်လှပါပြီ။
လူဆိုတော့ လွမ်းတာ ဆွေးတာ တမ်းတတာ သတိရတာ ခံစားမိတာ ဗရုတ်ကျမိတာတွေ ရှိတတ်မှာပေါ့။ ဒါပေမဲ့ ခေတ်သမိုင်းရဲ့တာဝန်ကို ထမ်းရတဲ့အချိန်တွေမှာလည်း အလွမ်းပင်လယ်ထဲ ပက်လက်မျောပြီး ယက်ကန်ယက်ကန်နဲ့ ကိုယ်ကျင့်တရား “စံ” ကနေ သွေဖည်ပျက်စီးမသွားဖို့ဘဲ လိုတယ်မဟုတ်ပါလား။
ကိုယ်ဖြတ်သန်းနေရတဲ့ခေတ်ကို လှမ်းကြည့်လိုက်မိတော့ မပြေလည်တာတွေ မမျှတတာတွေ ဖိနှိပ် အနိုင်ကျင့်မှုတွေက ဥပဒေတခုလို ပြဋ္ဌာန်းနေတုန်းပါပဲလား မိတ်ဆွေ။”
ဒါက ၂၀၁၉ ခုနှစ်က ဆရာနောင်ကျော် ရေးခဲ့တဲ့စာပါ။ သေသေချာချာ ပြန်ဖတ်ကြည့်မယ်ဆိုရင် အခုကာလ ဖြစ်ပျက်နေတာတွေနဲ့ တထပ်တည်းပါပဲ။
ရန်ကုန်တက္ကသိုလ်သို့ တမ်းတ လွမ်းစာများရေးသားသူ
“ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ” စာအုပ်ဟာ ဆရာနောင်ကျော်ရဲ့ လက်ရာပါ။ ၈၈၈၈ အရေးအခင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ ရန်ကုန်တိုင်း ၄၈၂၈ ဒေသကော်မတီ၊ ရန်ကုန်အထွေထွေ သပိတ်တပ်ပေါင်းစု စတဲ့လှုပ်ရှားမှုတွေနဲ့အတူ ထောင်နှစ်ရှည်ကျခဲ့အပြီးမှာ သူဟာ စာအုပ်စာပေတွေ ရေးသားနေခဲ့ရှာသူပါ။ သူ့ရဲ့ “တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့” စာအုပ်ဟာ ထင်ရှားပါတယ်။ ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ စာအုပ်နဲ့ စာအုပ်ပါ ဝတ္တုတိုတွေ ဆိုရင်လည်း စာပေစိစစ်ရေးရဲ့ ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရတာပါ။ သူဟာ “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဝှက်ဖဲ”၊ “နေရစ်တော့ မန္တလေးထောင်”၊ “စာရေးသမားတယောက်ရဲ့ ဘဝအိမ်”၊ “ချိုးကူသံလေးကို မလွမ်းဘူးလား အမေ”၊ “နှလုံးသားမှာ နှင်းများ လာရိုက်ခတ်”၊ “တောင်ပံခတ်သံတွေရဲ့ အတွေးရသများ” စာအုပ်နဲ့ သူ့ရဲ့ ဝတ္ထုတိုတွေကို ပေါင်းထုတ်တဲ့ “ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ” စာအုပ်တွေအပြင် စာအုပ်အနေနဲ့ မထုတ်နိုင်သေးတဲ့ သူ့ရဲ့ ၀တ္ထုတိုတွေလည်း ရှိနေပါသေးတယ်။
ဆရာနောင်ကျော်ရဲ့ ငြိမ်းချမ်းရေး ပြောကြားချက်
ဆရာနောင်ကျော်က မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆိုတာ မရှိကြောင်းကို အခုလို ပြောခဲ့ပါတယ်။ ကဗျာနဲ့ရေးပြီး ပြောတာပါ။ သူ့ကဗျာလေးကို ဖတ်ကြည့်ကြပါ။ လက်ရှိ မြန်မာပြည်ရဲ့ အာဏာသိမ်းစစ်အုပ်စု စနက် မငြိမ်းချမ်းသော ဘဝတွေကို ဆရာက ကြိုတင်ပြီး ရေးသား ပြောဆိုခဲ့သလိုပါပဲ။
ငြိမ်းချမ်းရေးအိပ်မက်မှာ ယမ်းနံ့တွေရွာ
‘တိုက်ပွဲတွေ ထပ်ဖြစ်မှာ မဟုတ်တော့ဘူး’တဲ့
သူ လာပြောတုန်းကပေါ့
ဝမ်းသာလွန်းလို့
‘တကယ်လား… တကယ်လား’ ဆိုပြီး
မယုံမရဲစိတ်နဲ့
နှစ်ခါတောင် ထပ်ပြီး မေးမိလိုက်သေး
‘ဒါဆို… ငြိမ်းချမ်းရေး ရပြီပေါ့နော်’လို့ ဆိုတော့
အင်း… တဲ့၊ သူက။
ပျော်လိုက်တာကွယ်
မျက်ရည်လည်အောင် ဝမ်းသာမိ
စစ်ရှောင်လမ်းမှာ သေဆုံးခဲ့တဲ့
အမေ့ကိုလည်း သတိရရင်းနဲ့။
ရွာထဲ ဝင်လာတတ်တဲ့
ဟို… ယူနီဖောင်းဝတ် နှစ်ဖွဲ့လည်း
အရင်လို စစ်တိုက်ကြတော့မှာ မဟုတ်ဘူး
သကာပြုံးကိုယ်စီနဲ့ လက်ဆွဲ နှုတ်ဆက်ကြ
ယမကာခွက်ချင်း တိုက်တိုက်ပြီး
‘ငြိမ်းချမ်းပါစေ တို့တိုင်းပြည်’တဲ့
ချီးယားစ်လုပ်ရင်း ရယ်သံတွေ ပူးကပ်သွားကြ
စိတ်ကူးနဲ့ ကြည်နူးနေတုန်းမှာ
ပီတိပြုံးက ငါ့မျက်နှာပေါ် လင်းလက်လာ။
‘ဟေ့ကောင် ငနောင်
မိုးလင်းနေပြီ၊ ထတော့’
အဘရဲ့ နှိုးသံ ကြားရတယ်။
‘ပစ္စည်းတွေ စုသိမ်းထား
ဟိုဘက်ရွာနားမှာ
တိုက်ပွဲဖြစ်သံ ကြားရတယ်’တဲ့။
ဆတ်ခနဲ ထထိုင်မိလိုက်တယ်
သေနတ်သံတွေ… သေနတ်သံတွေ…
ရွာနား နီးကပ်လာပြီလား
အထုပ်အပိုး ပြင်ထားရဦးမယ်
စစ်ရှောင်လမ်းမှာ ယမ်းနံ့တွေ မြင်ရဦးမယ်
စစ်ရှောင်တော့မှာ အမေ့လို မောပြီး လဲကျ
ဘယ်သူမှ မသေကြပါစေနဲ့ဗျာ။ ။
နောင်ကျော်
၁၂ စက်တင်ဘာ ၂၀၁၉
စစ်အာဏာရှင် မကြိုက်သော ရန်ကုန်တက္ကသိုလ်အကြောင်း ရေးသူ
သွေးပလက်ဖောင်း
စာသင်ကျောင်းတို့
ရွှေ့ပြောင်း မြိုင်ရပ်နှင်သောခါ ဆိုသလို ၁၉၈၈ ကစ သေနတ်မိုး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေ လက်ထက်မှာ တက္ကသိုလ်ဆိုတာ မြို့တွေရဲ့အပြင် ဝေးကွာလှတဲ့ မြို့စွန်လယ်ကွင်း အိုင်တောတွေဆီ ခက်ခက်ခဲခဲကြီးနဲ့ အချိန်ပေးပြီး သွားကြ ပြန်ကြရ၊ ပြင်ပ စီးပွားရေးသမား ပညာရေးပွဲစားတွေက ထုတ်ထားတဲ့မေးခွန်းနဲ့ အဖြေတွေပါတဲ့ အထူးထုတ်တွေကို ကူးပြီး စာဖြေ အတန်းတက် ဘွဲ့တခုရလို့ မှတ်ယူခဲ့ကြရတာဟာ ဆယ်စုနှစ် တော်တော်များခဲ့ပါပြီ။ ၁၉၈၈ နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးရုံးတွေသာ ထားပါတယ်။ ရန်ကုန်တက္ကသိုလ်အကြောင်း ဇာတ်လမ်းတွေဟာ ပြည်သူတွေ ဖတ်ခွင့်မရတော့ပါ။ ၈၈ တုန်းကလို ရန်ကုန်တက္ကသိုလ် ကျောင်သားဘဝ၊ အဆောင်နေ ကျောင်းသားဘဝ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ကျော်ကြားတဲ့ ဂီတ အနုပညာ အားကစား စတဲ့ အားကောင်းချက်တွေကိုလည်း မျိုးဆက်သစ်လူငယ်တွေ မသိကြရတော့ပါ။
စစ်အာဏာရှင်တွေဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို လူငယ်တွေနဲ့ အဆက်ဖြတ်ခဲ့ကြတာပါ။ ရန်ကုန်တက္ကသိုလ်ကို ဟိုတယ်နဲ့ စီးပွားရေး အဆောက်အဦတွေလုပ်ဖို့ လုပ်ငန်းရှင်တွေဆီ ရောင်းပစ်ဖို့ ကြံခဲ့ကြသေးတာပဲ။ ဒီလို စစ်အာဏာရှင် မကြိုက်သော ရန်ကုန်တက္ကသိုလ်အကြောင်း ဖော်ထုတ်ရေးသားခဲ့သူကတော့ ဆရာနောင်ကျော်ပါ။ “ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ” စာအုပ်မှာ ဆရာက အခုလို ရေးသားခဲ့တယ်။
“အီကိုကန်တင်း၏ ပုံသဏ္ဌာန်သည် ၁၉၈၈ ကာလများနဲ့ မတူတော့ပါလား ဟူသော ခံစားမှုကို ရသည်။ ဤခံစားမှုက ဤကန်တင်းကို ရောက်တော့မှမဟုတ် ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲသို့ ရောက်သည့်အချိန်တိုင်းတွင် ဖြစ်လေ့ရှိသော ခံစားမှုပါ။ ယခင်နှင့်မတူသော ပြောင်းလဲသွားသည့် အမူအကျင့်တွေကို တွေ့ရတိုင်း ၁၉၈၈ ခုနှစ် မတိုင်ခင်တုန်းက စိတ်ထဲတွင် မှတ်မိထားသော ပုံသဏ္ဌာန် အနေအထားနှင့် စိတ်ထဲမှာ နှိုင်းယှဉ်မိတတ်သည်။ ဒါသည်ပင်လျှင် ၈၈၈၈ အရေးတော်ပုံကြီးကို ဖြတ်သန်းပြီး ကျောင်းနှင့် ကင်းကွာသွားခဲ့သော မျိုးဆက်၏ စိတ်ခံစားမှု ပေတံများ ဖြစ်လေမလားဟု တွေးမိသည်။ ဂျပ်ဆင်ကန်တင်း မရှိတော့။ မာလာကန်တင်း မရှိတော့။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းရှေ့မှ တောင်ငူဆောင်သို့ သွားရာလမ်းကို ပိတ်ထားသည်။ သံတိုင်ခြံဝင်းတွေ တိုးများလာနေသည်။ သစ်ပုပ်ပင်ကြီးကတော့ မပြောင်းလဲ၊ သို့သော် ပင်ခြေပတ်လည်မှာ သံတိုင်တွေ ပတ်ကာထားသည်ကို တွေ့ရသည်။ သစ်ပုပ်ပင်ကြီးကိုပါ အကျဉ်းချထားကြသည်ပဲလား မပြောတတ်။ နှစ်ကာလ ကြာညောင်းလာချိန် ကျောင်းဝင်းထဲမှာ လုံခြုံရေး မျက်စေ့ဖြင့် ပြောင်းထားသော အပြောင်းအလဲတွေကို တွေ့ရ၏။”
ဒါကတော့ စစ်အုပ်စုက ရန်ကုန်တက္ကသိုလ်ကြီးကို ဖျက်ဆီးနေပုံ မြင်ကွင်းတွေကို ဆရာနောင်ကျော် ရေးသားခဲ့တာပါ။ သူ့ရဲ့စာတွေဟာ ၈၈၈၈ အရေးတော်ပုံ၊ ကျောင်းလှုပ်ရှားမှု၊ ဒီမိုကရေစီ တော်လှန်ရေးတွေနဲ့ ဆက်စပ် ရှက်သွယ်နေတာက များပါတယ်။ ဒါကြောင့်လည်း စစ်ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့သလို သတိပေးတာတွေကိုလည်း ခံခဲ့ရသူပါ။ ကျနော်တို့ဘက်ကတော့ သူဟာ တော်လှန်ကဗျာဆရာ၊ သူဟာ သူပုန်စာရေးဆရာအဖြစ် သတ်မှတ်ခဲ့ကြတာပေါ့။
သူငယ်ချင်းရေ၊ ရဲဘော်ရေ
ငါလည်း သေရမယ့်လူပါ
ခေတ်သမိုင်းတာဝန်ကို
မင်းလောက်ကျေနိုင်ခဲ့ပါ့မလား။ ။
နောင်ကျော်
အထက်ပါ ကဗျာပုဒ်ပါ စာသားကလေးတွေဟာ ဆရာမောင်သာချို ကွယ်လွန်ချိန်မှာ ရေးခဲ့တာ။ အဲသည်လို ရေးသားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈၈၈ မျိုးဆက် ကဗျာဆရာ စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်ဟာ ဩဂုတ်လ ၂၁ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လူသာသေသည် နာမည်မသေ ဆိုတဲ့သူတွေထဲမှာ ဆရာနောင်ကျော် ပါဝင်ပါတယ်။ သူဟာ ကျောင်းသားဘဝ၊ ဆရာဘဝ၊ ၈၈၈၈ မတိုင်မီနဲ့ ၈၈၈၈ အရေးတော်ပုံကြီးကာလနဲ့ နောက်ပိုင်း ကာလ (အခုကွယ်လွန်ချိန်) အထိ ပြည်သူ့ဘက် ရပ်တည်ခဲ့သူတဦးပါ။ ဒါကြောင့်လည်း သူကွယ်လွန်တယ်လို့ စကြားရချိန်ကစ ၂၁ ရက်နေ့ တနေ့လုံး တညလုံးဟာ သူ့ဓာတ်ပုံတွေ သူ့ရေးသားခဲ့တဲ့စာအုပ်ပုံတွေ သူ့ပုံရိပ်တွေဟာ ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့လာနေပါတယ်။ ဝမ်းနည်းကြောင်းစာတွေ၊ သူ့တန်ဖိုး သူ့ဂုဏ်ရည်တွေကို ပြောဆိုတဲ့စာတွေသာ မြင်နေရတယ်။ ကျနော်တို့ ၈၈ က စတင် တာထွက်လာကြသူတွေထဲမှာ နားသွားသူ၊ ငြိမ်သွားသူ၊ စစ်တပ်ဘက် ရပ်သွားသူ၊ သစ္စာဖောက်သွားသူတွေ တွေ့လာနေရချိန် ကိုဌေးသိန်းကတော့ ဦးဌေးသိန်းကတော့ ဆရာနောင်ကျော်ကတော့ သေသည်တိုင် အလံမလှဲခဲ့သူပေါ့။ သူ့အတွက် အမှတ်တရစာကို သူ့ကိုလေးစားတဲ့သူနဲ့ ရင်းနှီးခဲ့သူတွေထဲက တဦးဖြစ်သော လူငယ်တဦးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတဲ့ စာကလေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ ဆရာနောင်ကျော်က အခုလို ပြောသွားခဲ့တာတဲ့။
“မင်းတို့လူငယ်တွေ လုပ်နိုင်တုန်း လုပ်နိုင်သလောက် လုပ်ကွာ၊ ငါကတော့ မင်းတို့လို မလုပ်နိုင်တော့ဘူး။ စာပဲရေးနိုင်တော့တယ်။ ဘယ်လိုဖြစ်ဖြစ် ခွေးလက်ထဲတော့ ပြန်မရောက်စေနဲ့ငါ့တူ။ အမြဲသတိရှိနော်။” လို့ အားပေးခဲ့သတဲ့။
သူ့အားပေးစကားဟာ ဒီနေ့ နွေဦးတော်လှန်ရေး လူငယ်တွေအတွက်လည်း အားဖြစ်စေမှာပါ။ ကျနော်က ထပ်ပြောလိုတာက စာပဲရေးနိုင်တယ်ဆိုတဲ့ ဆရာနောင်ကျော်ရဲ့ စာတွေကလည်းပဲ ကျနော်တို့အတွက် လမ်းမှန်ကို ပြနေတာဖြစ်ပြီး တော်လှန် ခွန်အားသစ်တွေလည်း ဖြစ်စေပါတယ်လို့။ ။
မောင်တူး