Home
ဆောင်းပါး
ငတ်မွတ်နေတဲ့ ရိုဟင်ဂျာဒုက္ခ‌သည်တွေကို အမေရိကန်က လျစ်လျူရှုထားပြီလား
DVB
·
August 6, 2025

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လူတွေ သတိမထားမိကြတဲ့ တုန်လှုပ်ဖွယ်ရာ အခြေအနေတခု ပေါ်ပေါက်နေပါတယ်။ ရှေးယခင်ကတည်းက ဖိနှိပ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ယခုအခါမှာလည်း ပြည်တွင်းစစ်ရဲ့ မြေစာပင်အဖြစ်ကို ရောက်ရှိနေကြပြီး ရည်ရွယ်ချက်ရှိရှိ အစာအငတ်ထားခြင်းကို ခံစားနေကြရပါတယ်။

ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ အပါအဝင် လတ်တလော အစီရင်ခံစာတွေရဲ့ အဆိုအရ စစ်ကောင်စီဟာ ရိုဟင်ဂျာဦးရေ ၁၄၅,၀၀၀ လောက်ကို ညစ်ပတ်ပေရေနေတဲ့ ‌ဒုက္ခသည်စခန်းတွေမှာ စုပြုံထားပြီး မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့တွေကို ဖြတ်တောက် ထားတယ်လို့ သိရပါတယ်။ အစီရင်ခံစာအရ အနည်းဆုံး အရွယ်ရောက်ပြီးသား ရိုဟင်ဂျာ ၂၅ ယောက်ဟာ ငတ်မွတ်ခြင်းကြောင့် သေဆုံးခဲ့ရပြီး ၇ ယောက်ကတော့ လုံ‌လောက်တဲ့ ဆေးဝါးကုသမှု မရရှိခြင်းကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာ ကလေးငယ်တွေဟာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရပါတယ်။

ရိုဟင်ဂျာအမျိုးသားတွဟာ မြန်မာစစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် အတင်းအကျပ် ခိုင်းစေခံနေရပြီး တချို့တွေကလည်း လစာအစား မိသားစုကို ထမင်းကျွေးမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် ‌စစ်မှုထမ်းဖို့ ရွေးချယ်နေကြရပါတယ်။ စစ်ကောင်စီကြောင့် မုဆိုးမ ဖြစ်သွားရတဲ့ အမျိုးသမီးအများစုဟာ ဒုက္ခသည်စခန်း တခုပြီးတခု ပြောင်းလဲကာ အစာတောင်းရမ်းနေရပြီး အသက်ရှင် နေထိုင်ဖို့အတွက် လိင်လုပ်သားအဖြစ် ဆောင်ရွက်ရတာတွေတောင် ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေနဲ့ ထပ်တူညီလို့နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ယခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်ဟာလည်း အလားတူဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ကော့ဇ်ဘဇားမှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့လိုပြီး နိုင်ငံရေးခိုလှုံခွင့်ပေးတာ၊ အလုပ်လုပ်ခွင့်ပေးတာ၊ ကျောင်းတက်ခွင့်ပေးတာ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ဖို့ အဆောက်အဦ ဆောက်ခွင့်ပေးတာတွေကို ငြင်းဆန်ထားပါတယ်။

အမေရိကန် အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အကူအညီ မလုံလောက်မှုတွေရဲ့ ရလဒ်အဖြစ် ဒုက္ခသည်စခန်းတွေကို ထောက်ပံ့နေတဲ့ နေ့စဉ်ရိက္ခာ ဖြတ်တောက်ခံထားရပြီး စခန်းတွေရဲ့ အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေပါတယ်။ စိတ်ပျက်အားငယ်နေတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေရဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေကနေ လွတ်မြောက်ဖို့အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေကို ဦးတည်ပြီး လူတွေ စုပြုံပြည့်ကျပ်နေတဲ့ လှေငယ်လေးတွေနဲ့ ပင်လယ်ပြင်ခရီးကို အသက်စွန့် သွားရောက်နေကြပါတယ်။ အငတ်ဘေးသင့်နေတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့်ခွာနေကြသလိုပဲ ဘားမားလို့ လူသိများတဲ့ မြန်မာနိုင်ငံက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေကလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို တဖွဲဖွဲ ‌ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ ရိုဟင်ဂျာဦးရေ တသောင်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေတွေနဲ့ ထပ်မံရောက်ရှိလာကြပါတယ်။

ထရမ့်ပ်အစိုးရရဲ့ နိုင်ငံခြားရေးအကူငွေတွေကို အကြီးအကျယ် ဖြတ်တောက်လိုက်ခြင်းက ဒီအခြေအနေကို ပိုမိုကျပ်တည်း ဆိုးရွားသွားစေပါတယ်။ ရန်ပုံငွေ လျှော့ချ ဖြတ်တောက်ခံလိုက်ရတဲ့ လူမှုကူညီရေးအဖွဲ့တွေဟာ ဒုက္ခသည်တွေအတွက် နေ့စဉ် အစားအသောက်ခွဲတမ်းကို တဝက်အထိ လျှော့ချလိုက်ပါတယ်။ ဆေးခန်းတွေဟာလည်း အရေးပေါ် ဆေးကုသမှုတွေကလွဲပြီး ကျန်ကုသမှုအားလုံးကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကလေးသူငယ်ကာကွယ်ရေး၊ စိတ်ကျန်းမာရေးနဲ့ လိင်အခြေပြု ခွဲခြားအကြမ်းဖက်ခံရမှုတို့မှ ကာကွယ်ရေး အစီအစဉ်တွေဟာလည်း လျှော့ချ ရပ်ဆိုင်းခံလိုက်ရပါတော့တယ်။

အမေရိကန်ရဲ့ နိုင်ငံခြားထောက်ပံ့မှုကဏ္ဍကနေ ဆုတ်ခွာမှုဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ဟာကွက်တခုကို ဖန်တီးလိုက်ပြီး တရုတ်က အဲဒီဟာကွက်ကို ခြေမြန်လက်မြန် ဖြည့်ဆည်းလိုက်ပါတယ်။ ပေကျင်းအစိုးရဟာ မိုင်ပေါင်း ၁,၃၀၀ ခန့် ရှည်လျားတဲ့ တရုတ်-မြန်မာ နယ်စပ်တလျှောက် နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးပြီး မြန်မာနိုင်ငံအတွင်းက များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်လိုပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မြန်နှုန်းမြင့်ရထားလမ်း၊ ဆိပ်ကမ်းနဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ပေးမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလည်း ပါဝင်ပါတယ်။

ပေကျင်းအစိုးရဟာ နယ်စပ်ဒေသတွေမှာ ဩဇာလွှမ်းမိုးနေတဲ့ စစ်ကောင်စီရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ပါ အမည်ခံအားဖြင့် ထိတွေ့ဆက်ဆံပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ပိုမိုပြင်းထန်တဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကနေ ကာကွယ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်အကြီးအကဲတဦးအဖြစ် ဆက်ဆံခဲ့ပါတယ်။ မကြာသေးခင်ကပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ ထိပ်တန်းသံတမန်တဦးကလည်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိုးစစ် စတင်လာနဲ့အတူ အာဏာသိမ်းစစ်တပ်ဟာလည်း သိသာတဲ့ ဆုတ်ယုတ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါထိုးစစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဒေသအများစုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း စစ်ကောင်စီဟာ ဒရုန်းများအသုံးပြုပြီး ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာ၊ ပြည်သူလူထုကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးပြီး တပ်တွင်းက လစ်လပ်နေရာတွေ ဖြည့်တာတွေ ပြုလုပ်ပြီး မြို့အချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ စစ်ပွဲအောင်မြင်မှုတွေ၊ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတကာလှုပ်ရှားမှုတွေနဲ့ ဒုံရင်းကမတက်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေဟာ စစ်အစိုးရရဲ့ တိုင်းပြည်ကို ပြန်လည်ထိန်းချုပ်နိုင်လာပြီး တရားဝင်မှု ပြန်လည်ရရှိလာပြီဆိုတဲ့ ခံစားချက်ကို မြင့်တက်စေပါတယ်။

အခုတော့ စစ်အစိုးရဟာ ဒီနှစ်ကုန်ပိုင်းမှာ ဒါမှမဟုတ် နောက်နှစ်  ဇန်နဝါရီလလောက်မှာ ရွေးကောက်ပွဲတွေကို ကျင်းပနိုင်‌အောင် ကြိုးစားမယ်ဆိုပြီး လေသံပစ်နေပါပြီ။ တရုတ်ကလည်း ဒီအစီအစဉ်ကို အပြည့်အဝ ထောက်ခံထားပြီး ဒေသတွင်းက တခြားနိုင်ငံတွေကိုလည်း ရွေးကောက်ပွဲကို ထောက်ခံကြဖို့ ကူညီစည်းရုံးပေးနေပါတယ်။ ဒါပေမဲ့ အဆိုပါ ဆောင်ရွက်မှုတွေ အားလုံးက အတုအယောင်တွေပဲ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တခြား နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခံထားရပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ထောင်သွင်း အကျဉ်းချခံထားရပါတယ်။ ပြည်သူသန်းပေါင်းများစွာဟာ စစ်ဘေး‌ဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး တချို့က ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မြို့တော်ဖြစ်တဲ့ နေပြည်တော်နဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့တို့ အပါအဝင် နိုင်ငံရဲ့ သုံးပုံတပုံကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။

ထရမ့်ပ်အစိုးရအဖွဲ့ဟာ မြန်မာ့အရေးရဲ့ အရေးပေါ်အခြေအနေကို အသိအမှတ်ပြုသင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် ရန်ပုံငွေကို ပြန်လည်ထောက်ပံ့သင့်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ၊ ပိတ်ဆို့အရေးယူမခံရသေးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ၎င်းတို့၏ လေတပ်ကို ဆက်လက်လည်ပတ်နိုင်စေတဲ့ နိုင်ငံတကာက လေယာဉ်ဆီတင်သွင်းသူတွေအပေါ် ပိတ်ဆို့မှုတွေ ဆောင်ရွက်ဖို့ ကျယ်ပြန့်ပြီး ပစ်မှတ်ထားတဲ့ ကမ်ပိန်းတွေ ရှိသင့်ပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံမှာ နေရပ်စွန့်ခွာရသူတွေအတွက် ရေရှည် ဖြေရှင်းချက်တွေ၊ ၎င်းတို့ရဲ့ လုံခြုံရေး၊ နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေးတွေကို ဖိအားပေးသင့်ပါတယ်။

“America First” ဆိုတဲ့ စကားဟာ အမေရိကန်အနေနဲ့ ဘယ်သူ့ကိုမှ မကူညီဘူးဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်သင့်သလို ဆင်းရဲဒုက္ခခံစားနေရတဲ့ ရိုဟင်ဂျာတွေအပေါ်လည်း မျက်နှာလွှဲခဲပစ် မလုပ်သင့်ပါဘူး။

သူရိန်သွေး

Photo: Reuters

Washington Post သတင်းစာ၏ အယ်ဒီတာ့အာဘော် “The U.S. shouldn’t ignore the starving Rohingya of Myanmar” ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024