
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောကို စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ပြင်ကနေ စစ်ကောင်စီ စစ်သင်္ဘောတစီးက သြဂုတ် ၂ ရက် ညနေ ၃ နာရီ ၃၅ မိနစ်မှာ တကြိမ်၊ ၃၇ မိနစ်မှာ တကြိမ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ရတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်မှုတွေကြောင့် ဂျိတ္တော အမှတ် ၄ ရပ်ကွက်က လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲပြီး ဦးအောင်ထွန်းရဲ့ အိမ်ခေါင်မိုး ပျက်စီးခဲ့တဲ့အပြင် ဦးစိန်အောင်ကြည်ရဲ့ နေအိမ် အနောက်ဘက်မှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရေးထိတွေ့မှု ရှိနေတဲ့ ကျောက်ဖြူမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်စခန်းနဲ့ ငပလီလေဆိပ် အပါအဝင် သံတွဲမြို့နယ်တခုလုံးကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်မှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပါတယ်။
ကေခိုင်