
ယီမင်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ အေဒင်နားမှာ ဇန်နဝါရီ ၂၁ ရက်က ဆော်ဒီအာရေဗျ အစိုးရက ထောက်ခံတဲ့ စစ်ဘက်တပ်ဖွဲ့တခုရဲ့ တပ်မှူးတယောက် ပါလာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတခုအတွင်း ကားဗုံးတလုံး ပေါက်ကွဲကာ စစ်သား ၂ ယောက် သေဆုံးပြီး တခြားသူ အများအပြား ဒဏ်ရာရတဲ့သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
အေဒင်မြို့မြောက်ပိုင်းက တပ်မဟာတခုရဲ့ အကြီးတန်းတပ်မှူး ဟမ်ဒီ ရှုခရီ လိုက်လာတဲ့ ယာဉ်တန်းဟာ မြို့ရဲ့ မြောက်ဘက်ဆင်ခြေဖုံးက ဂျားဝါလာဒေသကို ဖြတ်သန်းနေတုန်း ပေါက်ကွဲခဲ့တာပါ။
လမ်းဘေးမှာရပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ ယာဉ်တန်းဟာ မောင်းနေတုန်း ပေါက်ကွဲခဲ့ပြီး ယာဉ်တန်းထဲက ယာဉ် ၂ စီးကို ထိမှန်လို့ ယာဉ်ပေါ်ပါတဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။
ရှုခရီက အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဘယ်အဖွဲ့ကမှ တိုက်ခိုက်မှုအတွက် တာဝန်ယူကြောင်း မကြေညာသေးပါဘူး။
နိုင်ငံတကာ အသိအမှတ်ပြု အစိုးရရဲ့ ခေါင်းဆောင်၊ သမ္မတကောင်စီ အကြီးအကဲ ရာရှဒ် အယ်လ် အလီမီက ဗုံးပေါက်ကွဲမှုအပြီးမှာ ကျန်းမာရေးအခြေအနေကို မေးဖို့၊ အေဒင်နဲ့ အနီးတဝိုက်က လုံခြုံရေးလုပ်ငန်းတွေအတွက် သူ့ရဲ့ အခန်းကဏ္ဍကို ချီးကျူးဖို့အတွက် ဗိုလ်ချုပ် ဟမ်ဒီ ရှုခရီကို ဖုန်းခေါ်ခဲ့တယ်လို့ ယီမင်နိုင်ငံပိုင်သတင်းဌာန စာဘာက ဖော်ပြပါတယ်။
ရှုခရီဟာ လက်ရှိမှာ အေဒင်မြို့က လုံခြုံရေးနဲ့ စစ်ရေးကိစ္စရပ်တွေကို ကြီးကြပ်နေပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က ကျောထောက်နောက်ခံပေးထားတဲ့ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခွဲထွက်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးတဲ့နောက် ရှုခရီဟာ မြို့ကို ထိန်းချုပ်ထားတဲ့ ဆော်ဒီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
၂၀၁၄ ခုနှစ်မှာ ဟူသီတပ်ဖွဲ့တွေက ယီမင်မြို့တော် ဆာနာနဲ့ မြောက်ပိုင်းဒေသ အများအပြားကို သိမ်းပိုက်ခဲ့ပြီး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်အစိုးရကို ထောက်ခံတဲ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ ယီမင်ပြည်တွင်းစစ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။
Source: Reuters


