
ယီမင်နိုင်ငံတောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (STC) ရဲ့ ခေါင်းဆောင် အိုက်ဒါရုစ် အယ်လ်-ဇူဘိုင်ဒီဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော် ရီယာ့ဒ်ဆီပို့ဖို့ စီစဉ်ထားတဲ့ လေယာဉ်ပေါ် မတက်ဘဲ ဘယ်နေရာမှန်း မသိတဲ့ဆီကို ထွက်ပြေးသွားတယ်လို့ ဆော်ဒီထောက်ခံတဲ့ မဟာမိတ်အဖွဲ့က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ ကျောထောက်နောက်ခံပြုထားတဲ့ STC နဲ့ ဆော်ဒီထောက်ခံတဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရတို့အကြား ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ကြားက အဲဒီမှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် ပင်လယ်ကွေ့ မဟာမိတ်တွေကြား အဓိက ရန်ငြိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်၊ ယီမင် အစိုးရက တောင်ပိုင်းပြဿနာနဲ့ ပတ်သက်ပြီး ဖိုရမ်တခု ကျင်းပဖို့ ဆော်ဒီအစိုးရကို တောင်းဆိုထားတယ်လို့ ပြောပြီး ရက်အနည်းငယ်အကြာမှာ ဇူဘိုင်ဒီက ဆော်ဒီအာရေဗျဆီ သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ခွဲထွက်ရေးအဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင် အများအပြား လိုက်ပါလာတဲ့ လေယာဉ်တစင်းဟာ ဇူဘိုင်ဒီ မပါဘဲ ၃ နာရီကျော် နှောင့်နှေးပြီးတဲ့နောက် ထွက်သွားခဲ့ပြီး သူ့တည်နေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လည်း မရှိဘူးလို့ မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ်- မာလီကီက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
နှောင့်နှေးမှုအတွင်း ဇူဘိုင်ဒီဟာ တပ်ဖွဲ့ကြီးတွေကို ရွှေ့ပြောင်းခဲ့ကြောင်း ညွှန်ပြတဲ့ သတင်းအချက်အလက်တွေကို ရနိုင်ခဲ့တယ်လို့ မာလီကီက ထပ်ပြောပါတယ်။
အပေါ့စားနဲ့ အလတ်စား လက်နက်တွေနဲ့ အုပ်စုတွေကို ရွှေ့ပြောင်းတာနဲ့ လက်နက်တပ်ဆင်တာတွေ အတွက် တောင်းဆိုချက်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
UAE နဲ့ ဆော်ဒီအာရေဗျ အကြား ရန်ငြိုးထားမှုဟာ အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေကို တိုက်ဖို့ မူလက ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ကို ပြိုကွဲစေခဲ့တာပါ။
ဟူသီတွေဟာ ယီမင်မှာ အဓိက စစ်အင်အားအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဟူသီတွေဟာ ၂၀၁၄ ခုနှစ်မှာ ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနာကို သိမ်းပိုက်ခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံတွေဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရကို ထောက်ခံတဲ့အနေနဲ့ နောက်တနှစ်မှာ ဝင်ရောက်စွက်ဖက်ခဲ့ပြီး ယီမင်ကို ပြိုင်ဘက်ထိန်းချုပ်မှုဇုန်တွေအဖြစ် ပိုင်းခြားခဲ့ပါတယ်။
Source: Reuters


