
ယီမင်နိုင်ငံရဲ့ အဓိကတောင်ပိုင်းခွဲထွက်ရေးအဖွဲ့ဖြစ်တဲ့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) ကို ထောက်ခံသူတွေဟာ ဇန်နဝါရီ ၁ ရက်က တောင်ပိုင်းရှိ အေဒင်ဆိပ်ကမ်းမြို့မှာ စုဝေးခဲ့ကြပြီး မြောက်ပိုင်းကနေ ခွဲထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုအစိုးရဟာ ဒီဇင်ဘာ အစောပိုင်းမှာ အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ ဟာဒြာမော့ထ်နဲ့ မားရားဒေသတွေမှ STC တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ တောင်းဆိုနေချိန်မှာပဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။
ဆန္ဒပြသူတွေက သူတို့အားလုံးဟာ တောင်ပိုင်းရှိ လွတ်လပ်တဲ့ ပြည်သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပြီး တောင်အာရေဗျနိုင်ငံကို ပြန်လည်တည်ထောင်ဖို့အတွက် သမ္မတ အိုင်ဒါရုစ်ဘင်ကာစင် အယ်လ်ဇူဘိုင်ဒီ ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို တောင်းဆိုတာဖြစ်ပြီး ဒါဟာ ပြည်သူ့ဆန္ဒဖြစ်ကြောင်း STC ကို ထောက်ခံသူတွေက ပြောပါတယ်။
UAE ကျောထောက်နောက်ခံပြု STC ကောင်စီဟာ ယီမင်တောင်ပိုင်းဒေသအများစုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားလိုက်ပြီး ဆော်ဒီ ကျောထောက်နောက်ခံပြု နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကိုလည်း အေဒင်မြို့ရှိ သူ့ရဲ့ဌာနချုပ်မှ မောင်းထုတ်လိုက်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ဆော်ဒီအာရေဗျကလည်း STC ကို ပြည်နယ် ၂ ခုရှိ သူ့တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဆော်ဒီအာရေဗျနဲ့ ပင်လယ်နီရှိ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းတခုကြားမှာ တည်ရှိတဲ့ ယီမင်နိုင်ငံကို ၁၉၉၀ ပြည့်နှစ်အထိ မြောက်ပိုင်းနဲ့ တောင်ပိုင်း ပြည်နယ်တွေအဖြစ် ပိုင်းခြားခဲ့ပါတယ်။
တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (STC) ဟာ ၂၀၁၅ ခုနှစ်မှာ ယီမင်နိုင်ငံရှိ ဟူသီတွေကို ဆန့်ကျင်တဲ့ ဆွန်နီမွတ်စလင် ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပေမဲ့ အဲဒီအဖွဲ့ဟာ အစိုးရကို ဆန့်ကျင်ပြီး တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရှာဖွေခဲ့တာပါ။
ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှစပြီး ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရပြီးဖြစ်ပြီး ဟူသီတွေဟာ ဆော်ဒီထောက်ခံတဲ့ အစိုးရကို တောင်ပိုင်းကို ထွက်ပြေးဖို့ ဖိအားပေးခဲ့ပြီးနောက်မှာ မြို့တော် ဆာနားအပါအဝင် နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
Source: Reuters


