
အီရန်နိုင်ငံမှာ ဗဟိုဘဏ်အကြီးအကဲ ရာထူးကနေ နုတ်ထွက်သွားတာနဲ့အတူ ငွေကြေးဖောင်းပွမှုကို အရှိန်မြှင့်စေတဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုအပေါ် တီဟီရန်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်မှာ အီရန်အစိုးရဟာ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တီဟီရန်မြို့ ဂရန်းဒ်ဘဇားရှိ ဈေးဆိုင်ပိုင်ရှင်တွေ အပါအဝင် ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာ ၂၉ ရက်တို့မှာ အီရန်နိုင်ငံပိုင် မီဒီယာတွေက သတင်းဖော်ပြခဲ့ပြီး ဒါဟာ မကြာသေးခင်နှစ်တွေအတွင်း မငြိမ်မသက်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်သမ္မတနိုင်ငံမှာ နောက်ဆုံးဆန္ဒပြပွဲတွေလည်း ဖြစ်ပါတယ်။
သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ဟာ ဆန္ဒပြသူတွေရဲ့ တရားဝင် တောင်းဆိုချက်တွေကို နားထောင်ဖို့ ပြည်ထဲရေးဝန်ကြီးကို ပြောထားကြောင်း တနင်္လာနေ့နှောင်းပိုင်းက လူမှုမီဒီယာပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာတီမာ မိုဟာဂျာနီက ဆွေးနွေးမှု ယန္တရားတခုကို တည်ထောင်မှာဖြစ်ပြီး ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပါဝင်မယ်လို့ ပြောပါတယ်။
အစိုးရဟာ ဆန္ဒပြပွဲတွေ၊ အခက်အခဲတွေနဲ့ အကျပ်အတည်းတွေ အားလုံးကို တရားဝင် မြင်တွေ့၊ ကြားသိပြီး အသိအမှတ်ပြုပါကြောင်းနဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ကို အလေးပေးထားပြီးတော့ ဒါကိုလည်း အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသိအမှတ်ပြုထားပါတယ်လို့လည်း မိုဟာဂျာနီက ပြောဆိုပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် သက်ရောက်မှုကနေ စီးပွားရေး ထိခိုက်ခဲ့ရတာာကြောင့် အီရန်သုံး ရီယယ်ငွေတန်ဖိုး ကျဆင်းနေခဲ့ပြီး တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ၁၄ သိန်းနီးပါးလောက်နဲ့ စံချိန်တင် အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ကြောင်း စောင့်ကြည့်နေတဲ့ ဝက်ဘ်ဆိုက်တွေအရ သိရပါတယ်။
Source: Reuters


