
အယ်လ်ဘေးနီးယား အစိုးရရှေ့နေတွေက ဒုတိယဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခဲ့ပြီးနောက် တီရာနာမြို့တော်ရှိ ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၂၂ ရက်က ဝန်ကြီးချုပ် အီဒီ ရာမာရဲ့ ရုံးခန်းတည်ရှိရာ အစိုးရအဆောက်အအုံကို မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒုဝန်ကြီးချုပ် ဘယ်လင်ဒါ ဘာလ်လူကူးဟာ လမ်းတံတားတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေလို စီမံကိန်းတွေမှာ ယူရိုငွေ သန်းပေါင်းများစွာကို စီမံခန့်ခွဲတဲ့ အခြေခံအဆောက်အအုံ ဝန်ကြီးဌာနကိုလည်း ဦးဆောင်သူဖြစ်ပါတယ်။
ဒုဝန်ကြီးချုပ်ကိုလည်း အရာရှိအများအပြားနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့အတူ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ကုမ္ပဏီတချို့ကို မျက်နှာသာပေးဖို့ နိုင်ငံတော်ရန်ပုံငွေတွေကို အလွဲသုံးစားပြုခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်က ဆန္ဒပြသူတွေဟာ မီးလောင်ဗုံးတွေကို ပစ်ပေါက်ချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရဲတွေဟာ အစိုးရအဆောက်အအုံကို ကာကွယ်ခဲ့ပေမဲ့ ဆန္ဒပြသူတွေကို တွန်းထိုးမှုတွေ မလုပ်ခဲ့ပါဘူး။
ဆန္ဒပြသူ အာရ်ဘန် ဆူလိုက “ယူရိုငွေ သန်းပေါင်း ရာထောင်ချီပြီး ခိုးယူခံရတဲ့ကိစ္စ ဖြစ်နေတာကြောင့် နုတ်ထွက်ပေးဖို့ လုံလောက်နေတာကို ခုထိ မနုတ်ထွက်ပေးဘဲ နေတာက ဂုဏ်သိက္ခာမဲ့လိုက်တာ” လို့ ပြောပါတယ်။
ပိုရှက်စရာကောင်းတာက ရာထူးကနေ နုတ်ထွက်မဲ့အစား ဒုတိယဝန်ကြီးချုပ်ကို ဝန်ကြီးချုပ်က ကာကွယ်ပေးနေတာပါလို့လည်း ဆိုပါတယ်။
အတိုက်အခံထောက်ခံသူ မီမိုဆာ ရက်ရှ်ဗဲလာက “ကျနော်တို့ဟာ အယ်လ်ဘေးနီးယားသမိုင်းမှာ အဂတိလိုက်စားဆုံးအစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ ဒီနေရာမှာ စုဝေးခဲ့တာပါ။ ဒီအစိုးရဟာ ခိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပြီး ကိုယ့်ပြည်သူ ကိုယ့်လူမျိုးတွေကို ဆင်းရဲမွဲတေစေခဲ့ပြီးတော့ လူတွေ နိုင်ငံကနေ ထွက်ခွာသွားကြရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒီအစိုးရဟာ ၂၄ နာရီတောင် ရှိနေဖို့ မထိုက်တန်ဘူး” လို့ ပြောပါတယ်။
ဒုဝန်ကြီးချုပ် ဘယ်လင်ဒါ ဘာလ်လူကူး အပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေ ပြုလုပ်ခဲ့ပြီးနောက် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း အယ်လ်ဘေးနီးယားမှာ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဒုဝန်ကြီးချုပ် ဘာလ်လူကူးဟာ ပြီးခဲ့တဲ့လက လွှတ်တော်မှာ စွပ်စွဲချက်တွေကို “အပုပ်ချခြင်း၊ သူတပါးအပြစ်ဖြစ်အောင် ပြောဆိုခြင်း၊ အမှားအမှန်တွေကို ရောထွေးပြောဆိုခြင်းနဲ့ လိမ်ညာမှုတွေ” အဖြစ် ရည်ညွှန်းဖော်ပြခဲ့ပြီး သူဟာ တရားစီရင်ရေးနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဂတိလိုက်စားမှုနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးတာဝန် ပေးအပ်ထားတဲ့ အထူးတရားစွဲဆိုရေးရုံးဟာ လွှတ်တော်အနေနဲ့ အခုတပတ်မှာ ဘာလ်လူကူးရဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို ရုပ်သိမ်းပေးဖို့နဲ့ သူ့ကို ဖမ်းဆီးခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ရာမာရဲ့ အာဏာရပါတီက အများစု နေရာယူထားတဲ့ လွှတ်တော်မှာ ဘယ်အချိန် မဲပေးဖြစ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: Reuters


