
ပြင်သစ်နိုင်ငံရဲ့ တချို့ဒေသတွေမှာ လယ်သမားတွေဟာ ဒီဇင်ဘာ ၁၇ ရက်က လမ်းမကြီးတွေကို ဆက်လက်ပိတ်ဆို့ကာ နွားတွေကို သုတ်သင်သတ်ဖြတ်ခဲ့ရတဲ့အထိ ထိခိုက်ခဲ့တဲ့ နွားအရေပြားဗိုင်းရပ်စ် (LSD) ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
လမ်းပိတ်ဆို့မှုတွေကို ရောဂါဖြစ်ပွားမှု ပြင်းထန်တဲ့ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ နိုင်ငံအလယ်ပိုင်းတို့မှာ ပြုလုပ်ခဲ့ကြကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
စထရာ့စ်ဘာ့ဂ်မြို့ရှိ ဥရောပပါလီမန်ရှေ့မှာလည်း ဆန္ဒပြပွဲ အငယ်စားတခု ရှိခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ နွားအရေပြား အဖုအပိမ့်ရောဂါအတွက် ကာကွယ်ဆေးထိုးတာကို အရှိန်မြှင့်တင်ဖို့ လိုအပ်ကြောင်း လူငယ်လယ်သမားသမဂ္ဂရဲ့ ဒေသခံဌာနခွဲ ဒုတိယဥက္ကဋ္ဌ ဂျူလီယန် ဘိုရိုနက်ထ်က ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း အို့ထ်ဂါဟွန် ခရိုင်ရှိ A61 အဝေးပြေး လမ်းမကြီးပေါ်ရှိ လမ်းပိတ်ဆို့ထားတဲ့နေရာမှာ ပြောကြားခဲ့ပါတယ်။
အစိုးရက အခုနှစ်ကုန်မှာ အိမ်နီးချင်း အားရိဂျ်ဒေသရှိ နွားတွေအားလုံးကို ကာကွယ်ဆေးထိုးဖို့ ရည်ရွယ်ထားပြီး မှာယူထားတဲ့ ကာကွယ်ဆေး ၉ သိန်းလောက်ကို ယူဆောင်လာဖို့ စစ်တပ်ကို အသုံးပြုမယ်လို့ ပြောကြားခဲ့ပါတယ်။
နွားအရေပြားဗိုင်းရပ်စ် (LSD) ရောဂါဟာ ခြင်၊ ယင်၊ ပိုးမွှားတွေကနေ ကူးစက်လွယ်တတ်တဲ့ ကက်ပရီးပေါ့ခ်စ် ဗိုင်းရပ်စ်ကြောင့် နွားအရေပြားမှာ အဖုအလုံးတွေ ဖြစ်တတ်ပြီးတော့ နွားတွေမှာ ဖျားနာခြင်း၊ နို့ထွက်နှုန်းကျခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရောဂါပိုပြင်းထန်ရင် နွားတွေကို သုတ်သင် သတ်ဖြတ်ပစ်ရတာ ဖြစ်ပါတယ်။
Source: Reuters


