
ဘိုလီးဗီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်မှာ ဒီဇင်ဘာ ၂၃ ရက်က ချီတက်ဆန္ဒပြတဲ့ ဘိုလီးဗီးယား အလုပ်သမားသမဂ္ဂ (COB) အဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး အခကြေးငွေနဲ့ အခြေခံကုန်ပစ္စည်းတွေကို သိသိသာသာ ဈေးတက်လာစေတဲ့ လောင်စာဆီ ထောက်ပံ့ကြေးတွေကို ဖျက်သိမ်းဖို့ အစိုးရရဲ့ လတ်တလောဥပဒေကို ရုပ်သိမ်းရေး တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
လုံခြုံရေးတပ်ဖွဲ့တွေက သမ္မတအိမ်တော်နဲ့ အောက်လွှတ်တော်ရှိရာ လာပါ့ဇ်မြို့ရဲ့ ပလာဇာမူရီလို ရင်ပြင်ဆီ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားပြီး ဆန္ဒပြသူရာပေါင်းများစွာက ကန့်သတ်ဇုန်အထဲဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ရဲတွေက ၂ ရက်ဆက်တိုက် စုဝေးနေတဲ့ သတ္တုတွင်းလုပ်သားတွေနဲ့ စက်ရုံလုပ်သားတွေ အပါအဝင် လူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက မြို့ထဲကို ချီတက်လာချိန်မှာ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်တာ၊ ဒိုင်းနမိုက်တွေ ဖောက်ခွဲခဲ့ပြီး ပြိုင်ဘက်အဖွဲ့တွေက ပိတ်ဆို့ထားတဲ့ လမ်းတွေမှာ ရုန်းရင်းဆန်ခတ်မှုတွေ ပိုဆိုးရွားလာခဲ့ပါတယ်။
အာဏာပိုင်တွေက လူ ၂ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး ရဲအရာရှိ ၄ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
အစိုးရရဲ့ COB ခေါင်းဆောင်တွေကို ဆွေးနွေးဖို့ ဖိတ်ကြားချက် ရှိနေပေမဲ့ မငြိမ်မသက် ဖြစ်ခဲ့တာပါ။ ဒေသဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် သမဂ္ဂ အမှုဆောင်အတွင်းရေးမှူးက ဆွေးနွေးပွဲတွေတက်ဖို့ သဘောတူခဲ့ပေမဲ့ အစိုးရရုံးစိုက်ရာနေရာတဝိုက်မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။


