
ယီမင်နိုင်ငံမှာ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ (STC) က နိုင်ငံရေးနဲ့ စစ်ရေးဖွဲ့စည်းပုံ အားလုံးကို ဇန်နဝါရီ ၉ ရက်မှာ ဖျက်သိမ်းတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော်ရီယာ့ဒ်မှာ အခြေစိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့က ကြေညာပြီးတဲ့နောက် STC က ဖျက်သိမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။
STC က ဇန်နဝါရီ ၁၀ ရက်မှာ လူမှုမီဒီယာပေါ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဖျက်သိမ်းတဲ့ သတင်းတွေကို ငြင်းဆိုရင်း ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ မမှန်မကန်သတင်းတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
ဒါဟာ သောကြာနေ့မှာ ယီမင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ STC ရဲ့ အထွေထွေအတွင်းရေးမှူး အဗဒ်ဒူရာမန် ဂျလဲ အယ်လ်ဆူဘိုင်ဟီရဲ့ ပြောစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
အေဒင်မြို့မှာ နိုင်ငံရေးတင်းမာမှုတွေ ပြင်းထန်လာချိန် STC ခေါင်းဆောင် အေဒူရပ်ဇယ် ဇူဘေးဒီက ယီမင်နိုင်ငံထဲကနေ မကြာသေးမီက ထွက်သွားပြီးတဲ့နောက် ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယီမင်တောင်ပိုင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲတွေ မတိုင်မီ ကောင်စီအတွင်းပိုင်းထဲမှာ သဘောထားကွဲလွဲမှုတွေ ကြီးထွားလာနေချိန်မှာ ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ပိုင်းနိုင်ငံရေးလမ်းကြောင်းဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ တစိတ်တပိုင်းအဖြစ် ဆော်ဒီအာရေဗျမှာ ရှိနေခဲ့တာပါ။
ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့အကြား ဒေသတွင်းပြိုင်ဆိုင်မှု မြင့်တက်လာချိန်မှာ UAE က ကျောထောက်နောက်ခံပေးထားတဲ့ STC အတွင်း နက်ရှိုင်းတဲ့ ပြည်တွင်းရေး သဘောထားကွဲလွဲမှုတွေကို ဖော်ပြနေပါတယ်။
ဆော်ဒီအာရေဗျက UAE ဟာ အဖွဲ့ခေါင်းဆောင် အယ်လ် ဇူဘိုင်ဒီကို နိုင်ငံကနေ ထွက်ပြေးဖို့ ကူညီပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
STC ကလည်း ဆော်ဒီအစိုးရဟာ သူ့အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး ထုတ်ပြန်ချက်အမှားတွေ ထုတ်ပြန်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ဒေသန္တရ အာဏာပိုင်တွေက အေဒင်တဝန်း ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မြို့တမြို့လုံး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


