
ကရင်ပြည်နယ်၊ မြဝတီမြို့တဘက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကုရပ်ကွက်မှာ ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ မြန်မာလူငယ်တယောက်ကို မြဝတီမြို့နယ် ဖလူးကြီးရွာမှာ ဇန်နဝါရီ ၂၂ ရက် မနက်က ဖမ်းဆီးပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကိုယ်တိုင် ထိုင်းဘက်ကို လာအပ်နှံခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း ၄ နာရီလောက်မှာ ထိုင်းရဲ ဒုဗိုလ်ကြီးစေ့စံက မြန်မာ နိုင်ငံသား နိုင်လင်းအောင်ကို ဖမ်းဆီးဖို့ လုပ်နေချိန် နိုင်လင်းအောင်က ခါးမှာ ပါလာတဲ့ 9 မမ သေနတ်နဲ့ ပစ်ခတ်လို့ ထိုင်းရဲအရာရှိ ဝမ်းဗိုက်ထိမှန်ပြီး နိုင်လင်းအောင်က ကြံတောဘက်ကို ထွက်ပြေးသွားခဲ့တာပါ။
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း မြန်မာပြည်ဘက်မှာ နိုင်လင်းအောင်ရဲ့ အသိ ၂ ယောက် လာကြိုခဲ့တယ်လို့ သတင်းထွက်ပေါ်လာတဲ့အတွက် အဆိုပါ လူ ၂ ယောက်ကို ကရင်လက်နက် ကိုင်တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာ ရဲအရာရှိကိုပစ်တဲ့သူ နေထိုင်ရာကို သွားရောက်ခေါ်ယူပြီး နယ်စပ် သဘာဝဂိတ်ကနေ ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး နိုင်လင်းအောင်ကို ထိုင်းနိုင်ငံတရားဥပဒေအတိုင်း တရားရုံးတော်မှာ အမှုဖွင့် တရားစီရင် အရေးယူသွားမယ်လို့ သိရပါတယ်။


