
နယူးဇီလန်နိုင်ငံမှာ မိုးကြီးပြီး မြေပြိုမှုတွေကြောင့် ဇန်နဝါရီ ၂၂ ရက်က အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေပါတယ်။
နိုင်ငံတကာခရီးသွားတွေ စိတ်ဝင်စားတဲ့ မောင်ဂါနူအီတောင်မှာ မြေပြိုကျမှုဖြစ်ပြီး လက်ရှိ အခြေအနေအရ အပန်းဖြေနေရာမှာ ပိတ်မိနေတဲ့ပုံ မရှိဘူးလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။
အဲဒီနေရာအနီးမှာရှိတဲ့ ပါပါမိုအာမှာလည်း မြေပြိုကျမှုတခု ထပ်ဖြစ်ခဲ့ပြီး လူတယောက် ဒဏ်ရာ ပြင်းထန်ခဲ့ကာ ၂ ယောက် ပျောက်ဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ ပင်လယ်ကမ်းခြေနေရာတွေမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှု နဲ့ လေတိုက်မှုတို့ဖြစ်ပွားခဲ့ပြီး မီးပျက်တာတွေ၊ ရေကြီးတာမျိုးတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဘေးအန္တရာယ်ဖြစ်ပွားရာနေရာကို ဝန်ကြီးချုပ် ခရစ်လူဆန် နောက်နေ့မှာ လာရောက် ကြည့်ရှုဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
မြောက်ကျွန်းရဲ့အရှေ့ပိုင်းတခုလုံးမှာ မိုးသည်းထန်မှုကြောင့် လမ်းတွေ ပိတ်ခဲ့ပြီး ဒေသခံတွေလည်း အိမ်တွေစွန့်ကာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။
နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက ဝဲလ်ကမ်းဗေးဧရိယာမှာ မြေပြိုမှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရုတ်တရက်မိုးသည်းထန်မှုတွေက အပျက်အစီးတွေကြီးမားစေခဲ့သလို လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ မြေပြိုကျမှုတွေပါ ဖြစ်ပွားခဲ့တာပါ။
မြောက်ကျွန်းဘက်ကနေ တောင်ကျွန်းဘက်ကို မိုးသည်းထန်မှုတွေ ဆက်လာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ တောင်ကျွန်းမှာ သတိပေးမှုတွေ ထုတ်ပြန်ထားပေမဲ့ ကြာသပတေးနေ့အထိတော့ ရာသီဥတုကောင်းမွန်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source:Reuters


