
ဂါဇာစီးတီးရဲ့ ရေပေးဝေရေးဆောင်ရွက်နေမှု အများစုဟာ အဓိက အခြေခံအဆောက်အအုံတွေ ပျက်စီးမှုနဲ့ ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေကြောင့် အနှောင့်အယှက်ဖြစ်နေရပြီး ဆောင်းရာ သီအခြေအနေတွေဟာ အရပ်သားတွေအတွက် အန္တရာယ်တွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အစ္စရေးမှ ဂါဇာကို သွယ်တန်းထားတဲ့ မယ့်ကရော့ထ် ရေပေးဝေရေးလိုင်းကို ပြုပြင်ရမဲ့ အခက်အခဲတွေကြောင့် လက်ရှိမှာ ဂါဇာမြို့ရဲ့ရေထုတ်လုပ်မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် အနှောင့်အယှက် ကြုံနေရတယ်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟက်ခ်က ပြောပါတယ်။
ပြုပြင်ဖို့ လိုအပ်တဲ့ သံမဏိပိုက်အပိုင်းအစကို ဂါဇာမှာ မရရှိနိုင်တဲ့အပြင် အရပ်ဘက်၊ စစ်ဘက် ၂ မျိုးသုံးပစ္စည်း ဝင်ရောက်ခွင့်ကို ကန့်သတ်ထားကြောင်းလည်း သူက ဆိုပါတယ်။
မြို့တော်အတွက် နောက်ထပ်အရေးပါတဲ့ ရေအရင်းအမြစ် တခုဖြစ်တဲ့ ဆာဖာရေတွင်းကို ပြုပြင်ဖို့ အကူအညီပေးရေး မိတ်ဖက်တွေရဲ့ တောင်းဆိုမှုကိုလည်း အစ္စရေး အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ငြင်းပယ်ခဲ့ကြောင်းလည်း ဖာရန်ဟက်ခ်က ထပ်လောင်းပြောပါတယ်။
အကူအညီပေးရေး မိတ်ဖက်တွေဟာ တခြားရေအရင်းအမြစ်တွေကိုလည်း ရှာဖွေနေကြပြီး ဘေးကင်းတဲ့ရေကို ရရှိနိုင်ဖို့အတွက် ရေတင်ကားတွေကို တိုးမြှင့်ပြေးဆွဲနေကြောင်းလည်း ဆိုပါတယ်။
အခြေခံဝန်ဆောင်မှု လုပ်ငန်းတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရာမှာလည်း အရပ်ဘက်၊ စစ်ဘက် ၂ မျိုးသုံးပစ္စည်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရရှိသုံးစွဲခွင့်ပေးဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) က ထပ်လောင်းပြောပါတယ်။
သီးခြားအနေနဲ့ ဒီအပတ်မှာ နောက်ထပ် ကိုယ်ပူချိန်ကျဆင်းမှုနဲ့ ဆက်စပ်တဲ့ ကလေးသေဆုံးမှုတခု ထပ်ပြီး ဖြစ်ပွားခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းပို့ခဲ့ပြီး ဒီရာသီမှာ အအေးဒဏ်နဲ့ ဆက်စပ်တဲ့ သေဆုံးမှု စုစုပေါင်း ၉ ယောက် အထိ ရှိလာပြီလို့ ဖာရန်ဟက်ခ်က ပြောပါတယ်။
UN-OCHA ဟာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေအကြားမှာ တဲတွေမှာခိုလှုံနေရတဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် အများသုံးအပူပေးစနစ်တွေ တည်ထောင်ဖို့ရာ လိုအပ်တဲ့ ဘက်ထရီတွေ၊ ဆိုလာပြားတွေနဲ့ တခြားစွမ်းအင်အရင်းအမြစ်တွေ ဝင်ရောက်လာဖို့လည်း တောင်းဆိုနေပါတယ်။
Source: Reuters


