Home
နိုင်ငံတကာ
ဂါဇာတွင် မိုးသည်းထန်ပြီး နေအိမ်များပြိုကျမှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံး
DVB
·
January 15, 2026
Photo: Reuters

ဂါဇာကမ်းမြောင် ဒေသတဝန်း ဇန်နဝါရီ ၁၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာနဲ့ချီတဲ့ တဲတွေ ရေလွှမ်းမိုးခဲ့ပြီး ၂ နှစ်ကြာ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ မိသားစုတွေ ခိုလှုံနေထိုင်ကြရာအိမ်တွေ ပြိုကျပျက်စီးခဲ့ကာ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂါဇာစီးတီးရဲ့ ကမ်းခြေအနီးရှိ နေအိမ်တွေ ပြိုကျမှုကြောင့် အမျိုးသမီး ၂ ယောက်နဲ့ မိန်းကလေးတယောက် အပါအဝင် လူ ၅ ယောက် သေဆုံးခဲ့ပြီး ဂါဇာအလယ်ပိုင်း ဒီယာအယ်လ်ဘာလာ စခန်းရှိ တဲတလုံးက အသက်တနှစ်အရွယ် သားကလေးတယောက်ဟာ အလွန်အေးခဲမှုကြောင့် သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာက ပြောကြားခဲ့ပါတယ်။

၈ မီတာ အမြင့်ရှိတဲ့ ခိုင်မာတဲ့ ကွန်ကရစ်နံရံဟာ လေတိုက်နှုန်းကြောင့် တဲ ၃ လုံးပေါ် ပြိုကျသွားခဲ့ပြီး တမိသားစုတည်းက ၃ ယောက် တပြိုင်နက် သေဆုံးခဲ့ရကြောင်း ဂါဇာရှိ အိုးမဲ့အိမ်မဲ့ အမျိုးသား ဘက်ဆဲလ် ဟာမူဒါက ပြောပါတယ်။

ဆောင်းရာသီ စတင်ချိန်ကတည်းက အအေးဒဏ် သို့မဟုတ် အရင် အစ္စရေးတိုက်ခိုက်မှုတွေကြောင့် ပျက်စီးထားပြီးသား မလုံခြုံတဲ့ အဆောက်အအုံတွေ ပြိုကျမှုကြောင့် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၃၁ ယောက် သေဆုံးခဲ့ရကြောင်း ဟားမတ်စ် ဦးဆောင်တဲ့ ဂါဇာအစိုးရမီဒီယာရုံးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း တဲအလုံး ၇,၀၀၀ လောက် ပျက်စီးခဲ့ပြီး အများစုဟာ တခြားမှာ နေစရာမရှိလို့ ဒီနေရာတွေမှာ လာနေရတာလို့ ပြောကြကြောင်းလည်း ဆိုပါတယ်။

မြူနီစပယ်နဲ့ အရပ်ဘက်ကာကွယ်ရေး အရာရှိတွေကတော့ လောင်စာဆီပြတ်လပ်မှုနဲ့ ပျက်စီးနေတဲ့ ပစ္စည်းကိရိယာတွေကြောင့် မုန်တိုင်းကို ရင်ဆိုင်ကိုင်တွယ်နိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ပွဲအတွင်း အစ္စရေးဟာ ဘူဒိုဇာတွေနဲ့ ရေစုပ်စက်တွေ အပါအဝင် ရာသီဥတု အရေးပေါ်အခြေအနေကို တုံ့ပြန်ဖို့ လိုအပ်တဲ့ ယာဉ်ပေါင်း ရာချီကို ဖျက်ဆီးခဲ့ပါတယ်။

ဒီဇင်ဘာလ ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာ လူပေါင်း ၈ သိန်းခွဲလောက်ကို လက်ခံထားတဲ့ ရွှေ့ပြောင်းနေထိုင်ရာနေရာ ၇၆၁ ခုမှာ ရေကြီးရေလျှံမှုအန္တရာယ် မြင့်မားနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြိုတင်ခန့်မှန်းပြီး လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။

ကုလသမဂ္ဂနဲ့ ပါလက်စတိုင်း အရာရှိတွေက ရွှေ့ပြောင်းနေထိုင်သူ ၁ ဒသမ ၅ သန်းလောက်အတွက် အနည်းဆုံး တဲအသစ် ၃ သိန်း အရေးတကြီး လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ကြေညာချက်တစောင်ထဲမှာ ဟားမတ်စ်က အကူအညီတွေ၊ ခိုလှုံရာနေရာတွေနဲ့ ပြန်လည်တည်ဆောက်ရေး ပစ္စည်းတွေကို ခြွင်းချက်မရှိ စီးဆင်းရရှိနေအောင် အစ္စရေးကို ခွင့်ပြုခိုင်းဖို့ ဂါဇာအပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းသူတွေကို တိုက်တွန်းခဲ့ပါတယ်။

အစားအစာ၊ ဆေးဝါးနဲ့ ခိုလှုံရာပစ္စည်းတွေကို တင်ဆောင်လာတဲ့ ထရပ်ကား ရာပေါင်းများစွာဟာ ဂါဇာကို နေ့စဉ်ဝင်ရောက်လာနေကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ထောက်ပံ့ရေးပစ္စည်းတွေက မလုံလောက်သေးကြောင်း ပြောကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013