
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားဖို့ ထုတ်ချေးပေးထားတဲ့ ကိုဗစ်ချေးငွေတွေကို ပြန်မဆပ်ဘဲ ထွက်ပြေးသူတွေ ရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ထုတ်ချေးပေးထားတဲ့ ငွေကျပ် ၆ ဒသမ ၇၄၅၀ ဘီလီယံအတွက် အတိုးရော အရင်းပါ ပြန်မရသေးတဲ့အပြင် တချို့သောလုပ်ငန်းရှင်တွေဟာ အဆက်အသွယ်မရသလို မူလကုမ္ပဏီ နေရာမှာ မရှိတော့ဘဲ ပြောင်းရွှေ့သွားတာတွေ ရှိတယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က “ကိုဗစ် ချေးငွေတွေကို ပြန်ဆပ်ဖို့ ကျနော်တို့ သတင်းစာကနေသော် လည်းကောင်း၊ စာပို့ပြီးတော့ လည်းကောင်း အကြိမ်ကြိမ် ဆက်သွယ်တယ်။ ဒါပေမဲ့ တချို့က လုံးဝဆက်သွယ်လို့ မရဘူး။ ချေးငွေလျှောက်တုန်းက ပေးထားတဲ့လိပ်စာတွေမှာ မရှိတော့ဘူး။ လူတွေလည်း မရှိတော့ဘူး။ ပြောရရင် ပြေးသွားတဲ့သဘောမျိုးပေါ့” လို့ ပြောပါတယ်။
ကိုဗစ်ချေးငွေ အတိုး၊ အရင်း မပေးဆပ်တဲ့ လုပ်ငန်းရှင် ၃၅၇ ယောက်ရှိပြီး MyCo မှတ်ပုံတင်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၄၈ ခု၊ ဟိုတယ်နဲ့ ခရီးသွားလိုင်စင်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၃ ခု၊ စက်မှုလိုင်စင်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၃၇ ခု၊ စည်ပင်လိုင်စင်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၆၃ ခု၊ အခြားလိုင်စင်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၄၃ ခုနဲ့ လိုင်စင်မရှိပဲ ဆောင်ရွက်နေတဲ့ လုပ်ငန်း ၆၃ ခု တို့ ပါဝင်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံကနေ ကျပ် ၁၅၈ ဒသမ ၄၄၈၃ ဘီလီယံ ထုတ်ချေးထားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ကျပ် ၉၅ ဒသမ ၃၉၀၇ ဘီလီယံသာ ရရှိထားတယ်လို့ ဆိုပါတယ်။
နောက်အစိုးရအလွှဲအပြောင်းမတိုင်မီ ကိုဗစ်ချေးငွေတွေကို အပြေအကျေ ပြန်လည်ပေးဆပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။


