
နိုင်ငံတော်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ မိန့်ခွန်းမှာ ဖော်ပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းကျန်းမာမာရှိဖို့ ကျနော် အမြဲ စိတ်ဆန္ဒပြုပါတယ်။ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုကြဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း နိုင်ငံတကာအသိုက်အဝန်းမှာ ဒီကိစ္စကို အမြဲတမ်း တွန်းတွန်းတိုက်တိုက် ပြောဆိုနှိုးဆော်တာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော၊ နိုင်ငံတကာကနေပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်။”
စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိတာ မသေချာတော့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ် က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုတဲ့ All In One Piece Movement မှာ ကိုထိန်လင်း ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုလို ပြောဆိုခဲ့တာ ဖြစ်ပါ တယ်။
စစ်ကောင်စီ အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရထိပ်တန်းခေါင်းဆောင်တွေကို စစ်ကောင်စီက ဓားစာခံသဖွယ် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့တွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်၊ ဘယ်လို နေထိုင်နေရပြီး ဘယ်လို ကျန်းမာရေးအခြေအနေတွေ ရှိနေတယ်ဆိုတာကိုတောင် မိသားစုတွေနဲ့ ရှေ့နေတွေက သိခွင့်မရဘဲ စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့တာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံး တွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း ၃ နှစ်နီးပါးအကြာ လက်ရှိအချိန်အထိ စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တာပါ။
စစ်ကောင်စီက ဖမ်ဆီးထားတဲ့ စုစုပေါင်းအချိန် ၅ နှစ်နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး ဘာသတင်းမှ အတည်ပြု ထုတ်ပြန်တာ မရှိတော့ပါဘူး။
ဖမ်းဆီးထားတဲ့ အချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံး၊ အရိုး၊ သွားဖုံး စတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်ဆိုတဲ့ တဆင့်သတင်းတွေသာ ကြားခဲ့ရပြီး ခိုင်လုံတဲ့ ဘာသတင်းမှမရဘူးလို့ ကင်မ်အဲရစ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
NUG အစိုးရက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ပြီး NUG အစိုးရအနေနဲ့ Federal Supreme Council ထွက်ပေါ်လာနိုင်ရေးအတွက် အထူးအားစိုက်နေသလို အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းကာလမှာ အကဲဆတ်တဲ့ နိုင်ငံရေးတိမ်းညွှတ်မှုတွေ ပေါ်ထွက်လာနိုင်ခြေရှိတာကို ကြိုတင်ပြင်ဆင်ပြီး တန်ပြန်လုပ်ဆောင်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို လေးလေးနက်နက် တိုက်တွန်းမေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
“ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံတကာနိုင်ငံရေးအခြေအနေဟာ ကျနော်တို့ ထင်ထားသလောက် မရိုးရှင်းဘူးလို့ ယူဆပါတယ်။ ဒါ့အပြင် သမားရိုးကျ နိုင်ငံရေးပလက်ဖောင်းပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေထက် ပိုမိုရှုပ်ထွေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေဟာ ကျနော်တို့ ပြည်တွင်းတော်လှန်ရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရုံမျှနဲ့ လုံလောက်မှုရှိမှာ မဟုတ်ဘူးဆိုတာကို နားလည်စေချင်ပါတယ်။ အတုအယောင်ရွေးကောက် ပွဲအလွန် အခင်းအကျင်းဟာ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိန်ခေါ်ချက်တချို့ကို သယ်လာနိုင်တာကို ထည့်တွက်ထားဖို့ လိုပါတယ်။ ဒါကို သတိရှိရှိနဲ့ အမြော်အမြင်ကြီးကြီး ရှုမြင်ပြီးတော့ ကျနော်တို့အားလုံး နိုင်ငံရေးလက်ဦးမှု ရယူပြီး လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင် စဉ်းစားထားဖို့လည်း တိုက်တွန်းလိုပါတယ်။”


