
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ပြင် ဆင်ခြေဖုံးရှိ ဟယ်လိဒါမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ်ကို ဘေးထိန်းနံရံတွေ ပြိုကျခဲ့ပြီး စပိန်ပြည်တွင်းပြေးဆွဲ ခရီးသည်တင် ရထားတစင်း လမ်းချော်မှု ဖြစ်ပွားပြီး ရထားမောင်းသမား သေဆုံးကာ ခရီးသည် ၄ ယောက် ဒဏ်ရာပြင်းထန်ကြောင်း မီးသတ်တပ်ဖွဲ့အရာရှိတယောက်က ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ စပိန်ရထားလမ်းချော်မှု ဖြစ်ပွားရာ ဘာစီလိုနာမြို့ပြင်ရှိ ဟယ်လိဒါကို လူနာတင်ယာဉ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေခဲ့ပြီး မီးသတ်တပ်ဖွဲ့ ၃၈ ဖွဲ့နဲ့အတူ လူနာတင်ယာဉ် ၂၀ စီး စေလွှတ်ခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှု အာဏာပိုင်တွေက ပြောပါတယ်။
ရထားလမ်းချော်မှု ဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ ကက်တလိုနီးယားဒေသဆိုင်ရာ မီးသတ်ဌာနမှ စစ်ဆေးရေးမှူး ကလောက်ဒီ ဂါယာ့ဘိုက ရထားလမ်းချော်မှုကြောင့် ရထားမောင်းကတော့ သေဆုံးသွားခဲ့ကြောင်း၊ လူ ၃၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ၄ ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်းနဲ့ ခရီးသည်အားလုံးကို ရထားပေါ်မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။
အခု ရထားလမ်းချော်မှုဟာ ဘဏ္ဍာငွေ အထောက်အပံ့ နည်းပါးပြီး မတော်တဆမှုတွေ ခဏခဏဖြစ်တတ်တဲ့ ဒီမြို့ပတ်ရထားလမ်း ဧရိယာမှာပဲ ဖြစ်ပွားခဲ့တာပါ။
ဒီမတော်တဆမှုဟာ လူ ၄၂ ယောက် သေဆုံးခဲ့တဲ့ တောင်ပိုင်း ကော်ရ်ဒိုဘာပြည်နယ် အာဒါမုစ် မြို့အနီး မြန်နှုန်းမြင့်ရထား ၂ စင်း ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားအပြီး ၂ ရက်အကြာ ဇန်နဝါရီ ၂၀ ရက်မှာ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters


