
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူ ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၆ ယောက် ဒဏ်ရာရခဲ့တဲ့ ရထားလမ်းချော်သွားတဲ့ နေရာဆီ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း သွားကြည့်ခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဘန်ကောက်မြို့တော်ရဲ့ အရှေ့မြောက်ဘက် ၁၄၃ မိုင်အကွာမှာရှိတဲ့ နခွန်ရတ်ချစီမာခရိုင်၊ ဆီခီယိုခရိုင်မှာ မြို့တော်ဘန်ကောက်ကနေ ဥဘွန်ရတ်ချဌာနီပြည်နယ်ဆီ ဦးတည်ခုတ်မောင်းနေတဲ့ ရထားပေါ်ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဝန်ချီစက် ကရိန်းတစင်း မတော်တဆ ပြုတ်ကျခဲ့တာပါ။
ကရိန်းဟာ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းတခုအတွက် အလုပ်လုပ်နေတုန်း ဖြတ်သွားတဲ့ ရထားပေါ် ပြိုကျပြီး တိုက်မိခဲ့လို့ ရထားလမ်းချော်ပြီး မီးလောင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် အာနုထင်း ချန်းဝီရကွန်းက သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် လျော်ကြေး ကောင်းကောင်းပေးဖို့ ထိုင်းနိုင်ငံ ရထားလမ်းဌာနကို ပြောခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့နောက် သတင်းထောက်တွေကို မှတ်ချက်ပေးရာမှာ “ကျနော်တို့ စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေအရ အရေးယူဖို့ လိုပါတယ်” လို့ ပြောခဲ့ပါတယ်။
ရထားလမ်းပိုင်း တည်ဆောက်ရာမှာ စာချုပ်ချုပ်ထားတဲ့ အီတာလျံထိုင်း ဖွံ့ဖြိုးရေး ပြည်သူ့ကုမ္ပဏီ လီမိတက်က မတော်တဆမှုအတွက် ဝမ်းနည်းရတယ်လို့ ဖော်ပြခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးနဲ့ အကူအညီတွေ ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


