
ပီရူးနိုင်ငံတောင်ပိုင်းရှိ အရှေ့ပိုင်း ကော်ဒီလီရာတောင်တန်းရဲ့ တောင်ကုန်းမြင့်တခုပေါ် တည်ရှိတဲ့ ရှေးဟောင်း အထင်ကရ မာချူးပိခ်ချူး ခံတပ်အနီးမှာ ဒီဇင်ဘာ ၃၀ ရက်က ရထားတိုက်မှုဖြစ်လို့ ရထားမောင်းသူ သေဆုံးသွားပြီး နိုင်ငံခြားသားခရီးသွားတွေ အပါအဝင် အယောက် ၄၀ ဒဏ်ရာရရှိခဲ့ပါတယ်။
အင်ဒီးယန်းနိုင်ငံရဲ့ ထိပ်တန်းခရီးသွားနေရာဖြစ်တဲ့ အင်ကာခေတ်က ရှေးဟောင်းခံတပ်ကို ဦးတည်တဲ့ ရထားလမ်းပေါ်မှာ ရထား ၂ စင်း ခေါင်းချင်းဆိုင် တိုက်မိခဲ့တာပါ။
ခရီးသွားတွေကို အထင်ကရနေရာဆီ ပို့ဆောင်ပေးတဲ့ အင်ကာ ရထားလိုင်းနဲ့ ပီရူး ရထားလိုင်းတို့က ရထား ၂ စင်း တိုက်မိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ရထားမောင်းသူ သေဆုံးကာ လူ ၄၀ ကျော် ဒဏ်ရာရရှိတဲ့အထဲ လူ ၂၀ လောက်က အခြေအနေ ဆိုးရွားကြောင်း ကျန်းမာရေးအရာရှိတယောက်က ပြောကြားပြီး ရဲအရာရှိတယောက်ကတော့ နိုင်ငံခြားသားခရီးသွားတွေ ပါဝင်ကြောင်း ပြောပါတယ်။
အင်ကာ ရှေးဟောင်းသုတေသနနေရာဖြစ်တဲ့ ကိုရီဝေ ရာခီနာ အနီးမှာ ရထားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လုပ်ငန်းစဉ်ကို ဆက်လုပ်ဆောင်နေတယ်လို့ ကုစ်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဟူလီယို ဆီဇာ ဘေဆဲရာက ပြောပါတယ်။
“ရထားတိုက်မှုအတွက် အခြေအနေတွေနဲ့ တာဝန်ယူမှုအဆင့်တွေကို ဆုံးဖြတ်ဖို့၊ ဒဏ်ရာရသူတွေရဲ့ နိုင်ငံသားဖြစ်မှုကို ဖော်ထုတ်ဖို့၊ သူတို့ ဆေးရုံတက်ရမယ့် ဆေးခန်းတွေကို ဖော်ထုတ်ဖို့၊ သူတို့ရဲ့ နာမည်တွေကို သေချာသိရှိနိုင်ဖို့နဲ့ တခြားသက်ဆိုင်ရာ အချက်အလက်တွေကို သိရှိနိုင်ဖို့ အထူးရဲတပ်ဖွဲ့ကို စေလွှတ်သွားမှာပါ။”
ရထားတိုက်မှု ဖြစ်ပွားပြီး မကြာခင် လူမှုမီဒီယာမှာ တင်ထားတဲ့ ပုံတွေမှာ မျက်နှာချင်းဆိုင် ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ရထားစက်ခေါင်းတွေ၊ ကွဲအက်ပြီး လွင့်စင်ပြန့်ကြဲနေတဲ့ မှန်စတွေနဲ့ ရထားလမ်းဘေးမှာ ဒဏ်ရာရရှိသူတွေကို ကုသပေးနေတာတွေကို ပြသထားပါတယ်။
အခင်းဖြစ်ပွားရာနေရာက မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုမှတ်တမ်းတွေမှာလည်း ကယ်ဆယ်ရေးသမားတွေဟာ ဒဏ်ရာရရှိသူတွေကို ကုသပေးနေပြီး ခရီးသည်တွေဟာ ရထားကနေ ဘေးလွတ်ရာကို ထွက်ခွာသွားကြတာကို မြင်တွေ့ရပြီး တချို့ကိုလည်း ထမ်းစင်တွေနဲ့ ခေါ်ဆောင်သွားကြပါတယ်။
Source: Reuters


