
ပီရူးနိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်း ၃၄၇ ခုကို ပီရူးယဉ်ကျေးမှုဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားတရပ်ကို သမိုင်းဝင် တောရယ်တာဂယ်လ်နန်းတော်မှာ ဒီဇင်ဘာ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။
ဒါဟာ လတ်တလောနှစ်ပိုင်းတွေအတွင်း ပြည်ပရောက် ပီရူးနိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းတွေ နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတွေထဲက တခုဖြစ်ပြီး ဒီအခမ်းအနားကို ပီရူးနိုင်ငံခြားရေးဝန်ကြီး ဟူးဂိုဒယ်ဇယ်လာနဲ့ ယဉ်ကျေးမှုဝန်ကြီး အလ်ဖရက်ဒို လူနာတို့က ဦးဆောင်တက်ရောက်ပါတယ်။
အခုပြန်လည်ပို့ဆောင်တာဟာ ယဉ်ကျေးမှုပစ္စည်းတွေ တရားမဝင်ရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ ပီရူးနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေတယ်လို့ အရာရှိတွေက ပြောကြားခဲ့ပြီး ယဉ်ကျေးမှု အမွေအနှစ် ကျွမ်းကျင်သူတွေမှ ပူးတွဲအတည်ပြုချက် ၄ ကြိမ် ပြုလုပ်ခဲ့ပြီးကြောင်းလည်း ဆိုပါတယ်။
ပစ္စည်းတွေထဲမှာ အမေရိကန်နိုင်ငံသားတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက စေတနာအလျောက် ပြန်လည်ပေးအပ်ခဲ့တဲ့ ရှေးဟောင်း သုတေသနပစ္စည်းတွေအပြင် နယူးယောက် ခရိုင်ရှေ့နေရုံးက သိမ်းဆည်းထားတဲ့ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
အထင်ရှားဆုံးပစ္စည်းတွေထဲမှာ ရှေးဟောင်း ပီရူး ကူပီးစ်နစ်ခ် ယဉ်ကျေးမှုနဲ့ မိုချီ ယဉ်ကျေးမှု ခေတ်ကာလက အခမ်းအနားသုံး ကြွေထည်တွေ၊ ချန်ကိုင်နဲ့ ဝါးရီ ယဉ်ကျေးမှုကာလ အထည်အလိပ်တွေ ပါဝင်ပါတယ်။
သက်တမ်းအကြာဆုံးပစ္စည်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ လောက်က ကူပီးစ်နစ်ခ် အခမ်းအနားသုံး သင်္ဘောတစင်း ဖြစ်ပါတယ်။
တခြားအရေးပါတဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ မိုချီယဉ်ကျေးမှုမှ ကြေးနီသတ္တုစပ် အလှဆင်ပစ္စည်းတွေနဲ့ အင်န်ကာ အင်ပါယာရဲ့ အာဏာအမြင့်ဆုံးခေတ်ဖြစ်တဲ့ လိတ် ဟော်ရိုက်ဇွန် ကာလမှ အင်န်ကာ ရိုးရာဓလေ့ပစ္စည်းတွေ ပါဝင်ပါတယ်။
Source: Reuters


