
ပီရူးနိုင်ငံ အယ်မဇွန်ဒေသမှာ မြေပြိုမှုကြောင့် အူကာယာလီမြစ်ထဲက လှေ ၂ စင်း နစ်မြုပ်သွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကျန်းမာရေးအာဏာပိုင်တွေက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပီရူးသတင်းဌာန အန်ဒီနာရဲ့ အဆိုအရ ပီရူးနိုင်ငံ မြို့တော်ရဲ့ အရှေ့မြောက်ဘက် ၄၁၅ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ အီပါးရီးယား ဆိပ်ကမ်းဒေသမှာ မနက် ၄ နာရီ ၂၀ မိနစ်က မြေပြိုမှုဖြစ်ပွားခဲ့အပြီး လူ ၁၃ ယောက် သေဆုံးပြီး ၂၈ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မြစ်ကမ်းနံဘေးတလျှောက် တခြားမြို့တွေဆီ သွားနေတဲ့ လှေ ၂ စင်းကို ထိခိုက်မိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရက်ပီဒို အိုရီယန်တေး အမည်ရှိ လှေတစင်းက လုံးဝနစ်မြုပ်သွားပြီး ဒေယို ရီဂို အမည်ရှိ နောက်တစင်းမှာ ပြင်းထန်တဲ့ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ကြောင်းလည်း အန်ဒီနာက သတင်းထုတ်ပြန်ပါတယ်။
ဒေယို ရီဂို သင်္ဘောဟာ အနီးအနားရှိ ဌာနေတိုင်းရင်းသားများ နေထိုင်ရာကနေ ထွက်ခွာလာပြီး အီပါးရီးယားမှာ ရပ်နားနေတုန်း မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တွေ ဆင်းသက်နိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
ခရီးသည်တွေထဲမှာ ကျောင်းဆရာတွေနဲ့ ဆရာဝန်တွေ ပါလာခဲ့ကြောင်းလည်း အန်ဒီနာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပီရူးရဲတပ်ဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စေလွှတ်ထားတဲ့ အေးဂျင့်တွေရဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။
Source: Reuters


