
ဘိုလီးဗီးယားနိုင်ငံက “ပက်ပ်ပီနို” (Pepino) လို့ ခေါ်ကြတဲ့ ကာနီဗယ်လူရွှင်တော် သခွားသီး ဇာတ်ကောင်ကို ပီရူးနိုင်ငံက ပွဲတော်တခုမှာ အသုံးပြုခဲ့တဲ့အတွက် ဘိုလီးဗီးယားပြည်သူတွေက နိုဝင်ဘာ ၁၇ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ပက်ပ်ပီနို ဇာတ်ကောင်ကို ပီရူးနိုင်ငံ၊ လီမာမြို့က မယ်တော်မာရီပွဲတော်တခုမှာ သုံးစွဲခဲ့တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် တက်လာအပြီးမှာ အငြင်းပွားမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။
ဘိုလီးဗီးယားသားတွေက ဒါဟာ သူတို့ရဲ့ မူပိုင်ဇာတ်ကောင်ဖြစ်ကြောင်း ပြသဖို့နဲ့ ယဉ်ကျေးမှု အပိုင်စီးမှုကို ဆန့်ကျင်ဖို့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ “သခွားသီး” ဇာတ်ကောင်ဟာ ဘိုလီးဗီးယားမြို့တော်က ရှေးဟောင်းပွဲတော်ကို အစပြုတဲ့ ကာနီဗယ်စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။
ပုံမှန်အားဖြင့် ဘိုလီးဗီးယားမှာ ဖေဖော်ဝါရီလတိုင်း ပက်ပ်ပီနိုကို “အသက်ပြန်သွင်းတဲ့” ဒါမှမဟုတ် “နိုးထစေတဲ့” ဓလေ့တခု ရှိပါတယ်။
ဒီဓလေ့ဟာ လာပက်ဇ်မြို့က သုသာန်ကို သွားပြီး တနှစ်လုံး အခေါင်းထဲမှာ အိပ်ပျော်နေတဲ့ ကာနီဗယ်ရဲ့ ဝိညာဉ်ကို သယ်ဆောင်ပြီး လမ်းတလျှောက် လှည့်လည်တာကနေ စတင်တာ ဖြစ်ပါတယ်။
Source: Reuters


