Home
နိုင်ငံတကာ
ပီရူးတွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် သစ်ပင်ပေါင်း သန်း ၃၀ ကျော် စိုက်ပျိုးမည်
DVB
·
November 22, 2025
Photo :Reuters

ပီရူးနိုင်ငံဟာ ဂေဟစနစ်တွေကို ပြန်လည်ထူထောင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ ၂၀၂၇ ခုနှစ်မှာ အင်ဒီးစ်တောင်တန်းဒေသ တစိတ်တပိုင်း ကို သစ်ပင်ပေါင်း သန်း ၃၀ ကျော် ပြန်လည်စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်။ 

အစိုးရရဲ့ ကြေညာချက်အရ တောင်ပိုင်းဒေသ ကုစ်ကို အစိုးရဟာ “ပီရူးလူမျိုး တဦးလျှင် သစ်ပင်တပင်" လို့ ခေါ်တွင်တဲ့ လှုပ်ရှားမှုတခုကို  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ခဲ့ပြီး ဒေသခံ ၁၅၀ ကျော် ပါဝင်ကြောင်း အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုစ်ကို အုပ်ချုပ်ရေးမှူး ဝဲရ်နဲ ဆာလ်ချီဒို က “ကုစ်ကို ဒေသဟာ ကမ္ဘာ့အကြီးဆုံးမြစ်ဖြစ်တဲ့ အယ်မဇွန်မြစ်ရဲ့ မြစ်ဖျားခံရာနေရာဖြစ်တဲ့ ပျက်စီးလွယ်တဲ့ ဂေဟစနစ်တွေရှိပါတယ်။ လူတွေကလည်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀၊ ၅၀၀၀၊ ၅၅၀၀ အကြားမှာ အခြေချနေထိုင်ကြပါတယ်။ ကျနော်တို့မှာ ခရိုင် ၁၁၆ ခု၊ ပြည်နယ် ၁၃ ခုရှိပြီး ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကို တန်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ ပီရူးလူမျိုး တဦးလျှင် သစ်ပင်တပင်ဆိုပြီး ဒေသခံမျိုးစိတ် အမျိုးမျိုးမှ အပင်ပေါင်း သန်း ၃၀ ကျော်နဲ့ သစ်တောပြန်လည် စိုက်ပျိုးရေးစီမံကိန်းကို ကျနော်တို့ လုပ်ဆောင်နေတာပါ” လို့ ပြောပါတယ်။ 

ဒီအစီအစဉ်ဟာ အူးနာ၊ ခိုးရဲ နဲ့ ချာချာကိုးမို တို့လို မူရင်းမျိုးစိတ်တွေနဲ့ ပျက်စီးယိုယွင်းနေတဲ့ ဂေဟစနစ် ဟက်တာ ၃ သောင်းကျော်ကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ထားကြောင်း ပီရူးမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ရာသီဥတုအကျပ်အတည်းဟာ ရေချိုဆုံးရှုံးမှုနဲ့ လျော့နည်းလာမှုမှတဆင့် စမ်းရေတွင်းတွေ၊ စမ်းချောင်းတွေနဲ့ ရေကန်တွေမှာ ရေအရင်းအမြစ်ကို ပိုမိုဆုံးရှုံးလာနေပြီလို့လည်း ကုစ်ကို အုပ်ချုပ်ရေးမှူး ဆာလ်ချီဒို က ပြောပါတယ်။ 

မြေဆီလွှာရဲ့ ရေချို ထိန်းသိမ်းနိုင်စွမ်းကို ပြန်ရရှိစေဖို့နဲ့ ယိုယွင်းပျက်စီးနေတဲ့ ဂေဟစနစ်တွေကို ပြန်လည်စိမ်းလန်းစေဖို့အတွက် ဒေသရင်းမျိုးစိတ်တွေနဲ့ နည်းလမ်း ရှာဖွေတာကနေ အသက်ပြန်ဝင်လာတာကို သိပ္ပံနည်းကျ သက်သေပြထားပြီးဖြစ်ကြောင်းနဲ့ သဘာဝတရားဟာ သူ့ရဲ့ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013