
ပီရူးနိုင်ငံ၊ ဝမ်ကနက်မြို့ရှိ စားသောက်ဆိုင်နဲ့ ကာရာအိုကေဘားတခုမှာ ဓာတ်ငွေ့ပေါက်ကွဲ မီးလောင်မှုဖြစ်ပြီး ကျောင်းသား ၈ ယောက် အပါအဝင် လူ ၁၀ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက် နေ့ခင်းပိုင်းမှာ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံတခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အအုံတခုလုံးနီးပါးပျက်စီးသွားပါတယ်။
မီးခိုးလုံးတွေက အနီးအနားရှိ နေအိမ်တွေကို ခြိမ်းခြောက်လာနေချိန်မှာ အိမ်နီးချင်းတွေနဲ့ လမ်းသွားလမ်းလာတွေဟာ ရေပုံးတွေ၊ မီးသတ်ဆေးဘူးတွေနဲ့ မီးတောက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
မီးလောင်တဲ့နေရာမှာ ဒေသခံ မီးသတ်တပ်ဖွဲ့ မရှိလို့ ဟူလီယာကာမြို့က မီးသတ်သမားတွေ ရောက်ရှိမှု နှောင့်နှေးခဲ့ကြောင်းလည်း မြို့တော်ဝန် ဗလဲရီယို တာပီတာပီယာက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနေရာမှာ မီးသတ်ဆေးဘူးတွေနဲ့ ထင်သာမြင်သာရှိတဲ့ အရေးပေါ် ထွက်ပေါက်တွေလို လုံလောက်တဲ့ ဘေးကင်းရေးအစီအမံတွေ မရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပူနိုဒေသရှိ ဖျော်ဖြေရေးလုပ်ငန်း အဆောက်အအုံတွေမှာ ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းတာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပြန်စတင်လာပြီလို့လည်း ဆိုပါတယ်။
Source: Reuters


