
ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း နဲ့ သားဖြစ်သူ ဘိတ်ခ်ဆေရနီး ချန်းဝီရကွန်းတို့ ဆက်စီမော်ဒယ် အဆိုတော် ဘော်လုံး ဖိမ်းဆုဒါနဲ့အတူ ဆယ်လ်ဖီဆွဲ ဓာတ်ပုံတွဲရိုက်တဲ့ပုံတွေ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေလည်း မြင့်နေပါတယ်။
အဆိုပါဓာတ်ပုံတွေမှာ ဝန်ကြီးချုပ်သားအဖနဲ့ မော်ဒယ်လ်အဆိုတော်ဘော်လုံးတို့ လွန်စွာ ရင်းနှီး ကျွမ်းဝင်ဟန်ရှိပြီး အဆိုတော် ဘော်လုံး ဖိမ်းဆုဒါးကလည်း “မင်္ဂလာရှိသော ၂၀၂၆ နှစ်သစ်ကူးပါ PS ဒီမိသားစုကလည်း အရမ်းချစ်စရာကောင်းပါတယ်” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံနဲ့အတူ ရေးသားထားပါတယ်။
အဆိုပါရေးသားမှုအပေါ်မှာ လူတွေက အဓိပ္ပာယ်ယူပြီး အမျိုးမျိုးထင်ကြေးပေးဝေဖန်ကြတယ်။ မော်ဒယ်လ်အဆိုတော်နဲ့ ဝန်ကြီးချုပ်ရဲ့ သားဖြစ်သူ ဘိတ်ခ် ဆေရနီး နှစ်ယောက်တွဲပုံတွေဟာလည်း အလွန်နီးကပ်တာကြောင့် ဘိတ်ခ်ဟာ စေ့စပ်ထားတဲ့ချစ်သူဟောင်း “ဖလိန်း ” နဲ့ လမ်းခွဲလိုက်တဲ့ကိစ္စကိုပါ ဆွဲထည့်ပြီး သစ္စာမဲ့သူအဖြစ် ဝေဖန်ခံနေရပါတယ်။
သူ့ချစ်သူဟောင်း “ ဖလိန်း အဆဝဟိမ် ” ဆိုသူမှာ ဖခင်က စမွတ်ပရကန် စည်ပင်ဥက္ကဋ္ဌ ( ကွယ်လွန် ) နဲ့ မိခင်က နိုင်ငံကျော်အဆိုတော် နန်ထိဒါ ကယောက်ဝိုဆိုင်ဖြစ်ပြီး လက်ရှိဝန်ကြီးချုပ်နဲ့ အလွန်ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေဖြစ်ပါတယ်။ လူကြီးချင်းလည်း ရင်းနှီး လူငယ်ချင်းလည်း ၁၀ နှစ်ကျော် မေတ္တာမျှခဲ့ပြီး အမျိုးသားဘက်က အမျိုးသမီးကို လက်စွပ်ဝတ်ပေးပြီး လက်ထပ်ခွင့်လည်း တောင်းခဲ့ပြီးဖြစ်ပါတယ်၊ ပရိသတ်တွေက ကြီးကျယ်ခမ်းနားသော လက်ထပ်မင်္ဂလာသတင်း နားစွင့်နေချိန် မနှစ် နှစ်ကုန်ပိုင်းမှာ သတို့သားလောင်းဘက်က သူမကို မမျှော်လင့်ဘဲ ချစ်သူအဖြစ်မှ လျှော့ချလိုက်ကြောင်း မိန်းကလေးက ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
သတို့သားလောင်းဘက်က ပြစ်တင်ဝေဖန်ခံနေရချိန် အခုကို မော်ဒယ်အဆိုတော်နဲ့ မိသားစုတွေ့ဆုံပွဲ မှာ ရင်းနှီးကျွမ်းဝင်နေတာကြောင့် ချစ်သူသစ်လား ဆိုပြီး ထပ်မံအပြောခံနေရတာပါ။
နိုင်ငံ့အကြီးအကဲဖြစ်နေတဲ့ ဖခင်ဟာလည်း ဆက်စီကျတဲ့ မော်ဒယ်လ်အဆိုတော်နဲ့ ဓာတ်ပုံတွဲရိုက်တာ မသင့်လျော်ကြောင်းလည်း ဝေဖန်နေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကတော့ “ဘာမှမဟုတ်ပါဘူး ၊ အဖေ နဲ့ရော သားနဲ့ရော ဘာမှပတ်သက်တာမရှိဘူး။ နှစ်သစ်ကူးပွဲမှာ အမှတ်တမဲ့တွေ့ကြတာ၊ အဲဒီဓာတ်ပုံ ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာသလဲဆိုတာ ကျနော်တောင် အံ့ဩမိတယ်” လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
အဆိုပါ ဓာတ်ပုံမှာ ချန်းဝီရကွန်း မိသားစုဝင်များက ၂၀၂၆ နှစ်သစ်ကူးအထိမ်းအမှတ် ညစာစားပွဲကို မိသားစုပိုင် ဝီရကွန်းရီးဆောတ် Resort မှာ ကျင်းပစဉ် ရိုက်ကူးခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။
Source - Khaosod / MGROnline


