Home
မြန်မာသတင်း
စစ်တွေ  ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံအပါအဝင် မွတ်ဆလင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
January 21, 2026

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆေးသမားကြီး (မွတ်ဆလင်) ကယ်ဆယ်ရေး ဒုက္ခသည်စခန်းမှ တာဝန်ခံအပါအဝင် အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့  ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက မွတ်ဆလင် ကယ်ဆယ်ရေး ဒုက္ခသည်စခန်းမှ တာဝန်ခံ ရှိုဘီစ် (၄၂ နှစ်) နဲ့ သက်ကယ်ပြင်ရွာမှ ရိုရှီစ်တို့ကို ဖမ်းဆီးသွားတာလို့ စစ်တွေဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်သားတွေ ထွက်ပြေးသွားတယ်လို့ပြောပြီး ကယ်ဆယ်ရေးစခန်းကို လာရှာတယ် မတွေ့လို့ တာဝန်ခံကို ဖမ်းယူသွားတာပါ။” 

စစ်တွေ အုန်းတောကြီးရွာစခန်းမှ ပြည်သူ့စစ် မွတ်ဆလင်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် ဆေးသမားကြီး ကယ်ဆယ်ရေးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်နဲ့ ရောက်လာပြီး ရှာဖွေခဲ့တယ်၊ မတွေ့လို့ တာဝန်ခံကို ဖမ်းသွားတယ်လို့ ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၁၆ ရက် ည ၁ နာရီလောက်မှာလည်း မာန်စီလမ်းဆုံ အထိုင်စခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ယောက်က သက်ကယ်ပြင် မွတ်ဆလင်ရွာမှ ဦးရိုရှီစ်ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံက ပြောပါတယ်။

"နေအိမ်က ညဝင်ဖမ်းသွားတာပါ။ ပြောသံကြားရတာက လူကုန်ကူးမှုလို့ ပြောတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် မိသားစုတွေနဲ့ အဆက်သွယ် ပြတ်တောက်နေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် တွေ့ခွင့်ရအောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တွေမှာ ဇန်နဝါရီ ၁၆ ရက် တရက်တည်း မွန်းတည့် ၁၂ နာရီကျော်လောက်မှာ  အနောက်စံပြ ရပ်ကွက် ဘာဆာရာအထိုင်စခန်းမှ မွတ်ဆလင်ပြည်သူ့စစ် ၁၅ ယောက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပြည်သူ့စစ်တွေ ထွက်ပြေးမှုကြောင့်  မောလိပ်ရပ်ကွက် တာဝန်ခံ ဉီးကျော်တင်လှိုင်နဲ့ အနောက်စံပြရပ်ကွက် တာဝန်ခံ အပါအဝင် နောက်တာဝန်ခံတွေကို  မာန်စီလမ်းဆုံ  စီမံခန့်ခွဲရုံးကို ခေါ်ဆောင်ကာ ဖမ်းဆီးပေးဖို့ ပြောကြားပြီး မရပါက တာဝန်ခံတွေအား ဖမ်းဆီးမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တွေမြို့မှာ စစ်ကောင်စီတပ်စခန်းတွေ တခုပြီးတခုကို အာရက္ခတပ်တော်က စနိုက်ဘာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတဲ့အပြင် စစ်ကြောင်းကင်းလှည့်နေတဲ့ ကားနဲ့ ခြေလျှင် စစ်ကြောင်းအချို့လည်း တိုက်ခိုက်ခံနေရပြီး သေဆုံးမှု များနေတဲ့အတွက် အတင်းအဓမ္မ စုဆောင်းထားတဲ့ ပြည်သူ့စစ်မွတ်ဆလင်တွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ စစ်တပ်အသိုက်အဝန်းဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013