
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စစ်မျက်နှာမှာ အာရက္ခတပ်တော် (AA)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး ထက်မြင့်သိန်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတယ်လို့ AA တပ်ဖွဲ့ကနေ သိရပါတယ်။
၂၀၂၅၊ ဒီဇင်ဘာ ၃၁ ရက်က စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တနေရာမှာ စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲနေစဥ် မထင်မှတ်ဘဲ ကျဆုံးသွားတာလို့ စစ်တွေဒေသတာဝန်ကျ AA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အဲဒီနေ့က တိုက်ပွဲလည်းပြင်းတယ်၊ အပြန်အလှန် ပစ်နေကြတာပါ၊ မထင်မှတ်ဘဲ ရန်သူ့ဘက်က ပစ်လိုက်တဲ့ကျည် ကျရောက်ပြီး အခုလို ကျဆုံးသွားရတာပါ။”
ဗိုလ်မှူးထက်မြင့်သိန်းရဲ့ ဈာပနအခမ်းအနားကိုတော့ အနီးစပ်ဆုံး စစ်ဒေသတနေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တာမှာ ဒေသဆိုင်ရာ AA တပ်မှူးနဲ့ အနီးအနား သက်ဆိုင်ရာတပ်မှူးတွေ၊ မိဘဆွေမျိုး၊ ဇနီးနဲ့ သားသမီးနဲ့ အာရက္ခတပ်တော်က ရဲဘော်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။
ဗိုလ်မှူးထက်မြင့်သိန်းဟာ မာန်အောင်မြို့ ဇာတိဖြစ်ပြီး သေဆုံးတဲ့အချိန်မှာ အသက် ၃၃ နှစ်ရှိပြီး သားတယောက်၊ သမီးတယောက် ရှိပါတယ်။
ကျန်ရှိနေတဲ့မိသားစုကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အာရက္ခတပ်တော်က ထောက်ပံ့ကူညီပေးထားပြီး သားသမီးတွေရဲ့ အနာဂတ်အတွက်ပါ တာဝန်ယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


