
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ-စစ်တွေ)ရဲ့ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ် ဒကစ-ဌာနချုပ်နဲ့ ၂ မိုင်အကွာက ကာကင်းစခန်းတခုနဲ့ ၄ မိုင်အကွာက ကာကင်းစခန်းတခုကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း အများအပြားကိုလည်း ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးအခြေအနေကိုသိရှိသူတယောက်က ပြောပါတယ်။
“အာရက္ခတပ်တော်က ဒကစ-ဌာနချုပ်က ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ထားတာရှိတယ်။ စစ်သုံ့ပန်းတွေလည်း ၃၀ ကျော်လောက် ဖမ်းဆီးရမိထားတာရှိတယ်။ စခန်းတွေကတော့ ဒကစ- ဌာနချုပ်ရဲ့ အဓိက ကာကင်းစခန်းတွေပဲ။ ပြန်ကြားရေးဘက်က ထုတ်ပြန်တာမရှိသေးတာကြောင့် အသေးစိတ်ပြောလို့မရသေးဘူး။”
စစ်ကောင်စီတပ်က ဒီဇင်ဘာလကုန်ပိုင်းက AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
AA ဟာ ဒကစ-ဌာနချုပ်ရဲ့ ကာကင်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်းစခန်း၊ တောကန်နဲ့ ကြံတောရွာနားကစခန်းနဲ့ ရာတန်ရွာနားက စခန်းတို့ကို ဇန်နဝါရီလအစောပိုင်းမှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေဟာ ဒကစ-ဌာနချုပ်နဲ့ ၂ မိုင်ဝန်းကျင်လောက်ပဲဝေးတဲ့စခန်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ နေ့တိုင်းကြားနေကြရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်တွေမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်တွေမှာ နေ့ရောညပါ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲတွေဖြစ်နေကြတယ်လို့ သိရတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာတော့ မသိဘူး။ ပစ်သံတွေ နီးနီးကပ်ကပ်လို ကြားနေရတာ။ မြို့တွင်းမှာလည်း စစ်ကားတွေ အရင်ကထက် သွားလာနေကြတာတွေ့ရတယ်။ မြို့ခံတွေကတော့ စိုးရိမ်မှုတွေရှိကြတာပေါ့။”
စစ်တွေမြို့နယ်ကို ဇန်နဝါရီ ၂ ရက်ကစလို့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
AA ဟာ စစ်တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ် ၃ ခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေကနေ စစ်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။


