
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက် ကျေးရွာ ကြံ့ခိုင်ရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သမက်ဖြစ်သူ တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီကျော်လောက်မှာ ကြံ့ခိုင်ရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၇၀ အရွယ် ဦးမြင့်ငွေနဲ့ ၄၀ ကျော်အရွယ် သမက်ဖြစ်သူ ငြိမ်းမောင်မောင်တို့ကို အမည်မသိ အဖွဲ့တဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး ချောင်းကောက်-သစ်ရာကောက်၊ ကိုးပင်-သာဂရ သွားကားလမ်းမှာ ပစ်သတ်သွားတာလို့ ဦးမြင့်ငွေနဲ့နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။
“ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ လူတစုက ဆိုင်ကယ်တွေနဲ့လာပြီး အိမ်ထဲထိ ဝင်ဖမ်းတာ၊ မြင့်ငွေ ကားနဲ့ မြင့်ငွေ တို့ သုံးယောက်ကို ဖမ်းပြီး ဟိုဘက်လမ်းပေါ်ရောက်တော့ မြင့်ငွေရဲ့ မိန်းမတော့ ကားပေါ် က ကန်ချပြီး၊ မြင့်ငွေနဲ့ သူ့သမက်ကို ပစ်သွားတာ၊ ကားလည်း ယူသွားတယ်။ မြင့်ငွေမိန်းမက ရွာပြန်လာပြီး အော်ဟစ်အကူညီတောင်းလို့ တရွာလုံး သိသွားတာ။ ညဆိုတော့ ဘယ်သူမှ မလိုက်ရဲဘူး၊ မနက်ရောက်မှ အလောင်းကောက်ရတာ။”
အဆိုပါ ပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဘက်က လုပ်ခဲ့တယ်ဆိုတာက ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း-၁၊ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း-၂ ကို ကျင်းပခဲ့ပြီး အပိုင်း-၃ ကို ဇန်နဝါရီ ၂၅ ရက် ဆက်လက်ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်ဖို့ ရပ်ကျေးနဲ့ အောက်ခြေဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက် ခိုင်းစေနေပြီး တော်လှန်ရေးအင်အားစုကလည်း ရွေးကောက်ပွဲ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။


