
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နာမည်မတပ်ပေမဲ့ ရည်ရွယ်ပြီးတော့ ဥရောပဟာ အနိုင်ကျင့် ဗိုလ်ကျမှုထက် လေးစားမှုကို လိုလားကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြောပါတယ်။
“ကျုပ်တို့ ဗိုလ်ကျမှုတွေထက် လေးစားမှုကို ပိုလိုလားပါတယ်။ ရက်စက်ကြမ်းကြုတ်မှုထက် တရားဥပဒေစိုးမိုးမှုကို ကျုပ်တို့ လိုလားပါတယ်” လို့ မက်ခွန်းက ဇန်နဝါရီ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လက်နက်ကိရိယာ တွေကို သုံးစွဲဖို့ ဝန်မလေးသင့်ဘူးလို့လည်း မက်ခွန်းက ဆိုပါတယ်။
ဂရင်းလန်းကျွန်းကိစ္စနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးပေးပို့တဲ့ မက်ခွန်ရဲ့ မက်ဆေ့ဂျ်တွေကို ထရမ့်ပ်ဘက်က ဖွင့်ချခဲ့သလို ပြင်သစ်ဝိုင်တွေကို အခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားချိန်မှာ အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အခုအချိန်ဟာ နယ်ချဲ့ရမယ့်အချိန်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်း ပြင်သစ်သမ္မတက သတိပေးခဲ့ပါတယ်။
ဒီပွဲမှာ ထူးခြားမှုအနေနဲ့ မက်ခွန်းဟာ မိန့်ခွန်းပြောချိန်မှာရော ပွဲတက်ချိန်တလျှောက်လုံးမှာပါ နေကာ မျက်မှန်ကို မချွတ်တမ်း ဝတ်ဆင်ထားခဲ့တာ တွေ့ရပါတယ်။
ညာဘက်မျက်လုံးမှာ သွေးကြောပေါက်ပြီး မျက်စိနာနေတာကြောင့် အခုလို နေကာမျက်မှန် တပ်ဆင်ထားတာလို့ ပြင်သစ်သမ္မတရုံးက ရှင်းလင်းထားပါတယ်။
မက်ခွန်းရဲ့ မိန့်ခွန်းအပြီး ဇန်နဝါရီ ၂၁ ရက်မှာတော့ သမ္မတထရမ့်ပ်က ဒါးဗို့စ်ဖိုရမ်မှာ မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြင်သစ်စစ်တပ်ကို မက်ခွန်းက မိန့်ခွန်းပြောခဲ့ရာမှာလည်း "လွတ်လပ်မှုရှိဖို့ဆိုရင် ကြောက်ရွံ့ခံရသူဖြစ်မှရမယ်၊ ကြောက်ရွံ့ခံရသူဖြစ်ဖို့ဆိုရင် အင်အားကြီးမားဖို့လိုတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဒီကမ္ဘာကြီးမှာ အင်အားကြီးမားဖို့ဆိုရင် ကျုပ်တို့အနေနဲ့ ပိုမြန်မြန်၊ ပိုသန်သန်မာမာ လုပ်ဆောင်ကြရမယ်" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source:Reuters


