
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ပြင်သစ်သမ္မတက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဆီကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့ခဲ့တဲ့ ပုဂ္ဂိုလ်ရေးစာမှာ ဖော်ပြထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအနေအထားကို စိုးရိမ်ပူပန်နေတယ်လို့လည်း ပြင်သစ်ခေါင်းဆောင်က ဆိုပါတယ်။
အဲဒီစာကို ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာအတွက် အထူးကိုယ်စားလှယ် မစ္စတာ ခရစ်စတန်လရှယ်ဗီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ဦးထိန်လင်းနဲ့ တွေ့ဆုံစဉ်က လက်ခံရရှိခဲ့တာပါ။
ဦးထိန်လင်းက “အသက်ကြီးလာပြီဖြစ်တဲ့ ကျနော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတလျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။ မေမေလွတ်မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်” လို့ သူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေကို ပြင်သစ်နိုင်ငံ့ခေါင်းဆောင်နဲ့ ပြည်သူတွေက သနားကရုဏာထားပြီး အမြဲတမ်းထောက်ခံအားပေးမှုအတွက် အထူးကျေးဇူးတင် ရှိတယ်လို့ ဆိုထားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ သနားကရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်း ပီသတာတွေအတွက် ခံစားရစေပြီး အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးတို့ကို နှုတ်ပိတ်ထားလို့ မရဘူးဆိုတာ ကမ္ဘာတဝန်းက လူတွေကို အသိပေးလိုက်တဲ့ စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတရပ် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကေခိုင်


