
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ် ကျောက်ကပ်၊ အသည်းခြောက်၊ အသည်းရောင်အသားဝါ ရောဂါတွေ ခံစားနေရပြီး အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အောက်တိုဘာ ၁၈ ရက် အသက် ၂၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။
ကိုချမ်းမင်းဟိန်းဟာ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ၊ လက်နက်မှု စတဲ့ ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်နဲ့ ၆ လ ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဒေသအသီးသီးက အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ လက်ရှိ နိုင်ငံ ရေးအကျဉ်းသားတွေဟာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ အချိန်မီ ဆေးကုသခွင့် မရတာတွေကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်။
၂၀၂၅ ခု ဇန်နဝါရီလမှ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာနဲ့ အရေးပေါ်ဆေးကုသခွင့် မရတာတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံအကျဥ်းသား ၂၈ ယောက်အထိ ရှိနေပြီလို့ PPNM ရဲ့ စာရင်းတွေအရ သိရပါတယ်။




