Home
မြန်မာသတင်း
လွိုင်ကော်ထောင်တွင် နိုင်ကျဉ်းများကို ထောင်ဝင်စာပိတ်၊ အကျဉ်းသားများ ကျန်းမာရေးချို့တဲ့
DVB
·
September 23, 2025

ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာ ပိတ်ထားတဲ့အပြင် အကျဥ်းသားအများစုဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် ထောင်တွင်း ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးနေတယ်လို့ ကရင်နီ နိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) က ထုတ်ပြန်ထားပါတယ်။

တောင်လေးလုံးအကျဥ်းထောင်ကနေ လွိုင်ကော်ထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသား အပါအဝင် အကျဥ်းသားတွေဟာ ကျန်းမာရေးဆိုးဝါးနေတယ်လို့ KPPA က စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားတာပါ။

အကျဥ်းသားတွေဟာ ထောင်ထဲမှာ တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး တလကို ဆပ်ပြာခဲတခဲသာ ရရှိပြီး တရက်တခါ ရေချိုးချိန်မှာ တယောက်ကို  ရေ ၁၅ ခွက်သာ ချိုးရတယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ထောင်ထဲမှာ ယားနာ၊ တုပ်ကွေး၊ အစာအိမ်နာတာ၊ ခါးနာ ကိုက်ခဲတာနဲ့ ခန္ဓာကိုယ်အောက်ပိုင်း ထုံကျင်ပြီး မလှုပ်ရှားနိုင်တာတွေ ခံစားနေရကာ ဆေးဝါးကုသမှု မရရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) တာဝန်ရှိသူက “ကျန်းမာရေး စောင့်ရှောက်မှုက တော်တော်ဆိုးဆိုးဝါးဝါးကြီး ပိတ်ပင်ခံရတာဆိုရင် ဒီ တစ်လေးလုံး စစ်ဆင်ရေးလေနော်၊ အဲဒီစစ်ဆင်ရေးကနေစပြီး နောက်ပိုင်း အခုထိပေါ့၊ ကျန်းမာရေး စောင့်ရှောက်မှုက မရသလောက် ဖြစ်သွားတယ်။ ပြီးရင် ပိုဆိုးတာက ဒီနောက်ပိုင်း ဆေးခန်းလိုက်ပြီ ဆိုရင်လည်း လူဦးရေကို လုံးဝ ကန့်သတ်ပစ်လိုက်တယ်။ အယောက် ၄၀ ဝန်းကျင်ပဲ လိုက်ခိုင်းပြီးတော့ အယောက် ၄၀ ပြည့်သွားပြီဆိုရင် အကျဥ်းသားတွေကို ကျန်းမာရေး ဆေးလိုက်ခွင့် မပေးတော့ဘူး။ နောက်တချက် ဒီနောက်ပိုင်း ဖျားပြီဆိုရင် ခြေချင်းတွေတပ်ပြီးတော့ တခြားလူတွေနဲ့ ခွဲထားတယ်။ အဓိပ္ပာယ်ကတော့ မဖျားရဲအောင် လုပ်တာပေါ့။ အဲလို ခြိမ်းခြောက်တဲ့ ပုံစံလေးတွေရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ လွိုင်ကော်ထောင်မှာ အကျဥ်းသားပေါင်း ၇၀၀ ကျော်ရှိနေပြီး အဲဒီထဲက ၁၅၀ နီးပါးဟာ နိုင်ငံရေးအကျဥ်းသားတွေ ဖြစ်တယ်လို့ ကရင်နီ နိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး (KPPA) က ဆိုပါတယ်။

အကျဥ်းထောင်တွင်း လတ်တလော စောင်မလုံလောက်လို့ အအေးဒဏ်ခံနေရတာတွေ၊ ကြမ်းခင်းတွေ ပျက်စီးနေလို့ အိပ်ဖို့ခက်ခဲနေတဲ့အပြင် ထောင်ဝတ်စုံ မလောက်တဲ့အတွက် ဝတ်စားဆင်ယင်မှု ပုံပျက်နေပြီး ဖိနပ်ကအစ မလောက်ငဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေ အနေနဲ့လည်း အလုပ်ကြမ်းခိုင်းစေခံရမှု၊ ငွေကြေးကောက်ခံမှုတွေနဲ့ ထောင်ဝင်စာ ဧည့်တွေ့ခွင့်တို့ ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။

လွိုင်ကော်ထောင်နဲ့ နီးစပ်သူတယောက်က “ထောင်ဝင်စာတို့ ဖြတ်စားခံရတာတို့က ဟိုးအရင်တည်းက လုပ်နေကြပဲ။ အရင်နှစ်ကဆို ကျမအသိမိတ်ဆွေတွေကို တခုခုပေးပြီ ဆိုတာနဲ့ မရဘူးလေ၊ တသိန်းပေးရင် သူတို့ဆီမှာ သုံးသောင်းရောက်ရင် ကံကောင်း၊ အဲလိုမျိုး အဆင့်ဆင့် စားတာလေ။ ပြီးရင် ပိုပေးနိုင်တဲ့သူဆိုရင် မျက်နှာသာ နည်းနည်းပိုရတာပေါ့။ လုံးဝမပေးနိုင်တဲ့သူဆိုရင် အနှိမ်ခံရတယ်၊ အနှိပ်စက်ခံရတယ်။ အမျိုးမျိုးပဲ။ အဲဒါတွေက အရင်တည်းကပဲ သိနေကြပဲ၊ အခုဆို ပိုတောင်ဆိုးဦးမှာ” လို့ ပြောပါတယ်။

အကျဥ်းသားတွေဟာ လွိုင်ကော်ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးဝါးစွာ ခံနေရတဲ့အပြင် စားရေးသောက်ရေး အပိုင်းမှာလည်း စားဖို့ ပန်းကန်တွေ ထုတ်မပေးလို့ အခက်အခဲတွေ ဆက်ကြုံနေရပါသေးတယ်။

KPPA က ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့မှာလည်း လွိုင်ကော်ထောင်က အကျဥ်းသားတွေဟာ အစာအာဟာရ မလုံလောက်လို့ အောက်ပိုင်းချည့်နဲ့တဲ့ ရောဂါပုံစံတွေ အဖြစ်များနေပြီး ထောင်ဘက်က ဆေးကုသခွင့်မပေးဘဲ အဆိုးဆုံးအခြေအနေ ရောက်မှသာ အားဆေးပေးထိုးတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်နေလို့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရဖို့အတွက် ထုတ်ပြန်ထားပါသေးတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013