
ဘရာဇီးနိုင်ငံမှာ အာဏာသိမ်းဖို့ ကြံစည်မှုကြောင့် ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ချမှတ်ခံထားရတဲ့ သမ္မတဟောင်း ဂျိုင်းရ် ဘော်လ်ဆိုနာရို ဆေးရုံတင်လိုက်ရကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့အပတ်အတွင်း ပြစ်ဒဏ်ချခံရပြီးနောက် အကျယ်ချုပ်နဲ့ရှိနေစဉ်မှာ အသက် ၇၀ အရွယ် ဘော်လ်ဆိုနာရိုက နေထိုင်မကောင်း ဖြစ်လာတဲ့အတွက် ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ ဒုတိယအကြိမ်မြောက် ဆေးရုံတက်ရတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက အရေပြားအနာ ၈ ခုကို ဖယ်ရှားကုသခဲ့ရပါတယ်။
၂၀၂၂ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားကို အရှုံးပေးခဲ့ရပြီးနောက် ဘော်လ်ဆိုနာရိုက အာဏာသိမ်းဖို့ စီမံခဲ့တဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမဲ့လည်း တရားဝင်အမိန့်ထုတ်ပြန်ဖို့ဆိုရင် ရက်ပေါင်း ၆၀ လိုအပ်တဲ့အလျောက် သမ္မတဟောင်း ဖြစ်သူဟာ နေအိမ်အကျယ်ချုပ်မှာသာ ရှိနေပါသေးတယ်။
၂၀၁၉ ကနေ ၂၀၂၃ အထိ ဘရာဇီးနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဘော်လ်ဆိုနာရိုဟာ စစ်ဘက်အရာရှိဟောင်း တယောက်လည်း ဖြစ်ပါတယ်။
၂၀၁၈ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရင်း ဓားနဲ့ထိုးခံရဖူးတဲ့ ဘော်လ်ဆိုနာရိုက အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ခွဲစိတ်မှု ၆ ကြိမ်ထက်မနည်း ခံယူခဲ့ရပါတယ်။
ဒါ့အပြင် ဘော်လ်ဆိုနာရို သမ္မတအဖြစ် ရှိနေချိန်မှာ လူမျိုးရေးခွဲခြားရာရောက်တဲ့ မှတ်ချက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ဒေါ်လာ ၁၉၀,၀၀၀ နီးပါး နစ်နာကြေး ပေးရမယ်ဆိုပြီး အမိန့်ချထားပါတယ်။
တချိန်တည်းမှာ ဆော်ပိုလိုပြည်နယ် အုပ်ချုပ်ရေးမှူး တာဆီဇီယို ဒီ ဖရေးတက်စ် (Tarcisio de Freitas) နဲ့အတူ လက်ယာစွန်း မဟာမိတ်တွေက ဘော်လ်ဆိုနာရို ကျခံရမယ့် ပြစ်ဒဏ်ကို လျော့ကျအောင် ဒါမှမဟုတ် ကင်းလွတ်ခွင့်ရဖို့အထိ ကြိုးပမ်းလျက်ရှိပါတယ်။
လာမယ့် ၂၀၂၆ သမ္မတရွေးကောက်ပွဲမှာ သူသာအနိုင်ရခဲ့မယ်ဆိုရင် တာဆီဇီယိုက ဘော်လ်ဆိုနာရိုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ကတိပြုထားပါတယ်။
ဘော်လ်ဆိုနာရို ကိုယ်တိုင် ရွေးကောက်ပွဲအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ပြောခဲ့ဖူးပေမဲ့လည်း ၂၀၃၀ ပြည့်နှစ်အထိ အပိတ်ခံထားပါတယ်။
Source: Reuters