
ဘရာဇီးသမ္မတဟောင်း ဂျိုင်ရာ ဘောလ်ဆိုနာရိုဟာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့အပြီးမှာ စစ်အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ကျခံဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
ဘော်လ်ဆိုနာရိုမှာ အပြစ်ရှိကြောင်း ဘရာဇီးတရားရုံးချုပ် တရားသူကြီး ၅ ယောက်ထိုင် ခုံရုံးမှာ ၄ ယောက်က ဆုံးဖြတ်ခဲ့ပြီး တယောက်ကတော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲယိမ်းပြိုင်ဘက် လူးဝစ်အင်နာစီယို လူလာ ဒါဆေးလ်ဗားကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာဆက်ထိန်းထားလိုတာကြောင့် အာဏာသိမ်းဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့တဲ့ အတွက် အပြစ်ရှိတယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုရဲ့ ရှေ့နေတွေကတော့ ပြစ်ဒဏ်ဟာ မတော်မတရား လွန်ကျူးများပြားလွန်းပြီးတော့ သင့်လျော်သလို အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တရားရုံးချုပ်ဟာ ဘော်လ်ဆိုနာရိုကို ၂၀၃၃ အထိ နိုင်ငံရေးရာထူးတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ပိတ်ပင်ခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဘော်လ်ဆိုနာရိုဟာ အမှု နောက်ဆုံးတရားခွင်ကို ကိုယ်တိုင်တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
လက်ယာယိမ်း ဘော်လ်ဆိုနာရိုဟာ “အပူပိုင်းဒေသရဲ့ ထရမ့်ပ်” (Trump of the Tropics) လို့ ထင်ရှားခဲ့သူ ဖြစ်သလို ပြင်ပမှာလည်း ထရမ့်ပ်ဟာ ဘော်လ်ဆိုနာရိုဘက်က ရပ်တည်ပေးခဲ့ပါတယ်။
အခုလို ဘော်လ်ဆိုနာရိုကို ရုံးတင်စစ်ဆေးတဲ့ ဘရာဇီးအပေါ် ပြစ်ဒဏ်ချတဲ့အနေနဲ့ ကင်းလွတ်ကုန်စည်တချို့ကလွဲလို့ ဘရာဇီးကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ချမှတ်ထားပါတယ်။
ဘော်လ်ဆိုနာရိုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်တာကို သူ အင်မတန်အံ့ဩမိကြောင်းနဲ့ သူ့အဖြစ်နဲ့ နှိုင်းယှဉ်ပြီးတော့ပါ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကလည်း ဘရာဇီးတရားရုံးချုပ်ဟာ မမျှမတ ဆုံးဖြတ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး သင့်လျော်သလို တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။