Home
နိုင်ငံတကာ
ဘရာဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို အာဏာသိမ်းရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံရ
DVB
·
February 20, 2025
Photo: REUTERS/Ueslei Marcelino

ဘရာဇီးသမ္မတဟောင်း ဂျိုင်ရ်ဘော်လ်ဆိုနာရိုကို သူ့ရဲ့ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်မှုကို ရလဒ်ပြောင်းပြန်လုပ်ဖို့ ကြံစည်မှုနဲ့ တရားစွဲဆိုထားကြောင်း နိုင်ငံရဲ့ ထိပ်တန်း အစိုးရရှေ့နေရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ဥပဒေစာတမ်းတခုမှာ ကြေညာထားပါတယ်။

ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက လုပ်ကြံမှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခဲ့ပြီးနောက် အစိုးရရှေ့နေချုပ် ပေါလို ဂိုနက်ဟာ လက်ယာစွန်း ခေါင်းဆောင်ဟောင်း ဘော်လ်ဆိုနာရိုကို သူ့ရဲ့ ၀န်ကြီးဟောင်းတချို့နဲ့အတူ ဘရာဇီးတရားရုံးချုပ်ကို စွဲချက်တင်ခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ သမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားကို ရှုံးနိမ့်သွားခဲ့ပြီးနောက် ဘရာဇီးနိုင်ငံရဲ့ နှစ်ပေါင်း ၄၀ ကြာ ဒီမိုကရေစီစနစ်ကို ဖြိုဖျက်ဖယ်ရှားဖို့ ရည်ရွယ်ကြံစည်တဲ့ “ရာဇ၀တ်ဂိုဏ်း” ကို ဦးဆောင်မှုနဲ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ စွဲချက်တင်ခံခဲ့ရပါတယ်။

စစ်အရာရှိဟောင်း ဘော်လ်ဆိုနာရို ကတော့ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး သူ့အပေါ် စွပ်စွဲချက်တွေဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ ပယောဂ ပြုစားမှုအဖြစ် စွပ်စွဲပြောဆိုခဲ့ပါတယ်။

သူ့ကိုစွဲဆိုထားချက်တွေကလည်း နိုင်ငံရဲ့ “အာဏာရှင်အစိုးရ” က လှည့်ကွက်တွေ သုံးနေတာတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်က လူမှုမီဒီယာ X မှာ ပို့စ်တင်ခဲ့ပါတယ်။ သူ့ဘက်က ရှေ့နေတွေဟာ ပုံမှန်အလုပ်ချိန်ပြင်ပမှာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ဒီအမှုကို ကြီးကြပ်နေတဲ့ တရားရုံးချုပ်က စီရင်ချက်ချလိုက်တာက ဘော်လ်ဆိုနာရိုကို ထောင်ကျစေနိုင်ပြီး သူ့ရဲ့ နောက်နှစ် သမ္မတရွေးကောက်ပွဲအတွက် အတားအဆီး ဖြစ်စေနိုင်ပါတယ်။

ကွန်ဂရက်ရှိ သမ္မတဟောင်းရဲ့ မဟာမိတ်တွေဟာ ဇန်နဝါရီ ၈ ရက် ပုန်ကန်မှုကို ရှုတ်ချကြတဲ့ အကြမ်းဖက်သမားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုဖို့ ဗုဒ္ဓဟူးနေ့က စုဝေးခဲ့ကြပါတယ်။

ဘရာစီလီယာက အခမ်းအနားတခုမှာ သမ္မတ လူလာက မိန့်ခွန်းပြောကြားရာမှာ သူ့အရင် သမ္မတဟောင်းနဲ့တကွ စွဲချက်တင်ခံရသူ ၃၃ ယောက်တို့ဟာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး အပြစ်မရှိဘူးလို့ ယူဆထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုနဲ့ သူ့မဟာမိတ်တွေဟာ အာဏာသိမ်းဖို့ မကြိုးစားခဲ့ကြောင်းနဲ့ သမ္မတနဲ့ ဒုသမ္မတတွေကို သတ်ပစ်ဖို့ ကြံစည်လုပ်ဆောင်ခြင်း မရှိကြောင်း သက်သေပြနိုင်ရင် အမှုကနေ လွတ်မြောက်နိုင်တယ်လို့လည်း သမ္မတ လူလာက ပြည်ထောင်စုရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013