Home
နိုင်ငံတကာ
ဂျာမနီတွင် အာဏာသိမ်းရန် ကြံစည်မှုဖြင့် လူ ၉ ဦးကို ရုံးတင်စစ်ဆေး
DVB
·
May 22, 2024
Reichsbuerger_22052024

ဂျာမန်တော်ဝင်မင်းသားတဦး၊ တရားသူကြီးဟောင်း လွှတ်တော်အမတ်တဦးနဲ့ အငြိမ်းစား စစ်ဘက်အရာရှိတွေ အပါအဝင် ဂျာမနီနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ဖြုတ်ချဖို့ ကြံစည်မှုလို့ သံသယရှိတဲ့ ရိုင်းစ်ဘူရ်ဂါ ကြံစည်မှုအတွက် ပါဝင်တဲ့ ပူးပေါင်းကြံစည်သူ ၉ ဦးကို မေ ၂၁ ရက်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ပြည်သူလူထုနဲ့ မီဒီယာ အာရုံစိုက်အခံရဆုံး ဒီအမှုမှာ ပူးပေါင်းကြံစည်သူ အနည်းဆုံး လူ ၂၇ ဦး ပါဝင်နေတာဖြစ်ပြီး ဒီအမှုကို ဖရန့်ခ်ဖတ်မြို့ ဆင်ခြေဖုံးရှိ လုံခြုံရေးအမြင့်ဆုံး တရားခွင်မှာ ရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ အစိုးရကို ဖြုတ်ချပြီးတော့ အခု ထီးနန်းမဲ့မင်းဆက်မှ အဋ္ဌမမြောက် ဟိုင်းနရစ်ချ် မင်းသား ရွိုက်စ်ကို အိမ်စောင့်နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီတရားခံတွေဟာ သူတို့ရဲ့ အာဏာသိမ်းမှုကို စတင်လုပ်ဆောင်ဖို့အတွက် ပါလီမန်ကို ဝင်ရောက်တိုက်ခိုက်ပြီးတော့ ဥပဒေပြုသူများကို ဖမ်းဆီးဖို့ဆိုတဲ့ အစီအစဉ်ကို ဆောင်ရွက်ကြမယ့် နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ ဖြစ်လာလိမ့်မယ်လို့လည်း ရှေ့နေတွေက ဆိုပါတယ်။

တရားခံတွေဟာ “ရိုင်းနိုင်ငံတော်ရဲ့ ပြည်သူများ” ဆိုတဲ့ ယုံကြည်ချက်စနစ်ကို လိုက်နာသူတွေ ဖြစ်ကြောင်းလည်း အစိုးရရှေ့နေတွေက ပြောပါတယ်။

သူတို့က ဒီကနေ့ ဂျာမနီနိုင်ငံဟာ တရားမဝင်တဲ့ မျက်နှာစာပုံရိပ်အဖြစ် ခံယူထားပြီး သူတို့တွေဟာ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမနီနိုင်ငံ ရှုံးနိမ့်ပြီးနောက် တရားဝင် ဖျက်သိမ်းခဲ့တဲ့ ဘုရင်စနစ်ကို ရေရှည်ထိန်းသိမ်းလာခဲ့သူတွေလို့လည်း ခံယူထားကြတာလို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာ သိပ်မကြာသေးခင်က လက်ယာစွန်းရောက် ဆန္ဒပြမှုတွေ ရှိနေပေမဲ့လည်း စီးပွားရေးအင်အား၊ တည်ငြိမ်တဲ့ အင်စတီကျူးရှင်းတွေနဲ့ အများသဘောဆန္ဒနဲ့ နိုင်ငံရေးကို မောင်းနှင်နေတာကို ဂုဏ်ယူကြတာကြောင့် ၂၀၂၂ ခုနှစ်မှာ ဖော်ထုတ်နိုင်ခဲ့တဲ့ ဒီကြံစည်မှုကြီးဟာ ဂျာမနီနိုင်ငံမှာ ပြည်သူတွေကို အာရုံဖမ်းစားနိုင်ခဲ့ပြီး အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

Source/Photo-Reuters/Boris Roessler

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013