Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် တောင်ဇလပ်ပင် ဆေးဖက်ဝင်
DVB
·
May 22, 2024
ArticleThaZan_22052024

အာဏာရှင် အကြမ်းဖက် ဖက်ဆစ် စစ်အုပ်စု နေဝင်ချိန်နီးလာတာနဲ့အမျှ ရက်စက်ယုတ်မာမှုက မီးညွန့်မကျိုး တိုးသထက်တိုးဆဲမို့ တော်လှန်အသိ တော်လှန်သတိနဲ့ ခရီးဆက်၊ အချင်းချင်း အပြန်အလှန်ထွေးဖက် ပန်းတိုင်ဆီ ချီတက်ကြရမည်။ ဒီခရီး၊ ဒီလမ်းမှာ လက်လှမ်းမီ ကျန်းမာရေးကလည်း နွေဦးပြည်သူတွေ ကျန်းမာရေးအတွက် ဦးလည်မသုန်ထမ်းရွက်  အတူအကွ ပါဝင်ချီတက်ရင်း လက်ချင်းချိတ်ထားဆဲပါပဲ။

ဒီတပတ်မှာ တော်လှန်ချင်းပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် နွေဦးပြည်သူတို့အတွက် တောင်ဇလပ်ပင် ဆေးဘက်ဝင်အကြောင်းကို လက်လှမ်းမီဆေးပညာမှ တင်ပြသွားမှာ ဖြစ်ပါတယ်။

တောင်ဇလပ်ပင်ကို သိပ္ပံလို Rhododendron ferrugineum လို့ခေါ်ပြီး အင်္ဂလိပ်လို Azalea, Laurier-Rose des Alpes, Rhododendri Ferruginei Folium, Rhododendron Alpin, Rhododendron Ferrugineux, Rhododendron ferrugineum, Rododendro, Rosage, Rose des Alpes, Rose du Diable, Rosebay, Rust-Red Rhododendron, Rusty Leaved Rhododendron, Snow Rose. စသဖြင့် ခေါ်ကြပါတယ်။

တောင်ဇလပ်ပင်မှာ အမိုင်နိုအက်ဆစ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဖီနောလစ်ဒြပ်ပေါင်းများ flavonoid, quercetin, kaempferol, myricetin, dihydroflavonol glycoside, taxifolin, phloracetophenone စတဲ့ ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဆီးချိုရောဂါ ထိန်းသိမ်းနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်းအပြင် နှလုံးနဲ့ အသည်းကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိများ ရှိပါတယ်။

တောင်ဇလပ်ပင်ဟာ ဗီတာမင်စီ ကြွယ်ဝပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတခု ဖြစ်တာကြောင့် တောင်ဇလပ်ပင်ကို ပုံမှန်စားသုံးခြင်းက ကိုယ်ခံအား တိုးမြင့်စေပြီး အအေးမိ၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးရောဂါများကို ကာကွယ်နိုင်ပါတယ်။

တောင်ဇလပ်ပင်မှာ ရောင်ရမ်းမှုဆန့်ကျင်ဒြပ်ပေါင်းများ ပါဝင်တာကြောင့် လည်ချောင်းနာခြင်း၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

တောင်ဇလပ်ပင်ဟာ အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိများရှိပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

တောင်ဇလပ်ပင်မှာ flavonoid ကြွယ်ဝပြီး သွေးတွင်း ကိုလက်စထရောအဆင့်ကို လျှော့ချပေးနိုင်တာကြောင့် တောင်ဇလပ်ရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး တနေ့ ရေနွေးကြမ်း ၁-၂ ခွက် ပုံမှန်သောက်သုံးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

တောင်ဇလပ်ပင်မှာ အကိုက်အခဲပျောက်ဆေးအာနိသင် ရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်းနဲ့ တခြားအခြေအနေများကြောင့် နာကျင်ကိုက်ခဲမှုများကို သက်သာစေဖို့ ကူညီပေးပါတယ်။

တောင်ဇလပ်ပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် တောင်ဇလပ်ပင်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးကာ အသားအရေ တင်းရင်းစေပြီး အရေးအကြောင်းများကို လျှော့ချပေးခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး နုပျိုလန်းဆန်း‌စေပါတယ်။

တောင်ဇလပ်ပွင့် လက်ဖက်ခြောက်ကို ပုံမှန်သောက်သုံးခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ခြင်း၊ အစာခြေစနစ်ကို မြှင့်တင်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချခြင်း၊ ကင်ဆာကို ကာကွယ်ခြင်း၊ နာကျင်မှုကို လျော့ပါးစေပြီး အရေပြားကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

တောင်ဇလပ်ပန်းပွင့်ဟာ အကိုက်အခဲပျောက်ဆေး၊ ထုံဆေးနဲ့ စိတ်ငြိမ်ဆေး အာနိသင် ရှိတာကြောင့် အဆစ်အမြစ်ရောင်ခြင်း၊ ယားယံခြင်း၊ အနာရင်းခြင်းနဲ့ ထိခိုက်ဒဏ်ရာများကို ကုသရာမှာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အမြစ်ကို အဆစ်အမြစ်နာ၊ ဒူလာအကြောတက် ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ထိခိုက်ဒဏ်ရာများ သွေးလိမ်းပေးနိုင်ပါတယ်။

တောင်ဇလပ်ရွက်ကို ထုထောင်းပြီး နဖူးပေါ် လိမ်းကျံပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့အပြင် အစွမ်းထက် အနာကျက်အာနိသင်ရှိတာကြောင့် အနာများနဲ့ ရောင်ရမ်းခြင်းကို လိမ်းပေးနိုင်ပါတယ်။

ဗိုက်နာခြင်းအတွက် အပွင့် သတ္တုရည် တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

တောင်ဇလပ်ပွင့်မှာ saponin, flavonoid, tannins တို့ ပါဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊  ဂေါက်၊ အဆစ်အမြစ်ရောင်ခြင်းမှာ အပွင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို ချက်ချင်းသက်သာစေပါတယ်။

တောင်ဇလပ်ပွင့်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ‘Quercetin’ နဲ့ ‘Rutin’ ဓာတ်ပေါင်းတို့ ပါဝင်ပြီး တောင်ဇလပ်ပွင့် ရေနွေးကြမ်းဟာ ကျောက်ကပ်၊ ဆီးကျိတ်နဲ့ ဆီးအိမ်ရောင်ရမ်းခြင်းကို သက်သာစေပြီး ခံတွင်းအနာများ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနဲ့ အရိုးအဆစ် ရောင်ခြင်းတို့အတွက်လည်း အကျိုးပြုပါတယ်။

တောင်ဇလပ်ပွင့် ဖျော်ရည်က မကောင်းတဲ့ သွေးတွင်းအဆီကို လျော့ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးပါတယ်။ နှလုံးထိခိုက်နိုင်ခြေကို တိုးစေတဲ့ သွေးခဲများဖြစ်ပေါ်ခြင်းကို တားဆီးပေးပြီး သွေးတိုးရောဂါ၊ သွေးကြောကျဉ်းခြင်းနဲ့ နှလုံးရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

တောင်ဇလပ်ပန်းပွင့်များမှာ ဂလူးကို့စ်အင်ဇိုင်းများ၏ လုပ်ဆောင်မှုကို ဟန့်တားပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ‘hyper in’ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီကို ကျဆင်းစေပါတယ်။

တောင်ဇလပ်ပွင့်မှာ ပါဝင်တဲ့ ဇီဝဆိုင်ရာ စတီးရွိုက်များနဲ့ ပိုးသတ်ဆေးများက မတူညီတဲ့ ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်ပါတယ်။

တောင်ဇလပ်ပွင့်များကို စားသုံးခြင်းက ခုခံအားကို အားကောင်းစေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ဓာတ်မတည့်မှု တုံ့ပြန်မှုများကို တားဆီးကာကွယ်ပေးတဲ့အပြင် ပန်းနာရင်ကျပ်၊ အင်ပျဉ်နဲ့ ရာသီအဖျားရောဂါ ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်။

Quercetin နဲ့ အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသည်းကို ကာကွယ်ပေးပြီး အသည်းပျက်စီးနိုင်ခြေကို လျော့နည်းစေတဲ့အတွက် အသည်းအားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

တောင်ဇလပ်မှာရှိတဲ့ Quercetin နဲ့ Rutin ဓာတ်ပေါင်းများက ပုံမှန်ဆဲလ်များ ဓာတ်တိုးပျက်စီးမှုကို တားဆီးပေးပြီး ဗီဇပြောင်းလဲခြင်းကို ဟန့်တားကာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့အပြင် ကင်ဆာဆဲလ်များ ကြီးထွားမှုကိုလည်း ဟန့်တားပေးပါတယ်။

တောင်ဇလပ် သောက်သုံးနိုင်တဲ့ ပမာဏမှာ အမှုန့် ကော်ဖီ ၁ ဇွန်း၊ သွေးရည် ကော်ဖီ ၂ ဇွန်း၊ ရေနွေးကြမ်း ၁ ခွက်၊ ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်တို့ကို တနေ့ ၁ ကြိမ်မှ ၂ ကြိမ်ခန့် အထိသာ ဖြစ်ပါတယ်။

တောင်ဇလပ်မှာ အဆိပ်အာနိသင်လည်း ရှိတာကြောင့် အလွန်အကျွံသုံးစွဲပါက အားနည်းခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်မမှန်ခြင်းနဲ့ အမြင်အာရုံ မှုန်ဝါးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သတိပြုရန်အနေနဲ့ တောင်ဇလပ်အဆိပ်သင့်ခြင်းကြောင့် ချွေးထွက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ချမ်းတုန်ခြင်း၊ မူးမေ့လဲခြင်း၊ ရှော့ခ်ဖြစ်ခြင်း၊ တက်ခြင်း၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်း ရပ်တန့်ခြင်း၊ ပြင်းထန်စွာ မူးဝေခြင်း စတဲ့လက္ခဏာများ အပါအဝင် သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

တောင်ဇလပ်နဲ့ ဓာတ်မတည့်သူများ တောင်ဇလပ်ထွက်ပစ္စည်းများကို ရှောင်ကြဥ်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များလည်း တောင်ဇလပ်ကို ရှောင်ကြဥ်သင့်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013