ဘရာဇီးတရားရုံးဟာ သမ္မတဟောင်း ဂျိုင်ရ်ဘော်လ်ဆိုနာရိုကို ဇွန်လ ၃၀ ရက်က အစိုးရတာဝန်ထမ်းဆောင်ခွင့် ၈ နှစ် ပိတ်ပင်လိုက်ပြီး သူ့ရဲ့နိုင်ငံရေး အလုပ်ကို ၂၀၃၀ ပြည့်နှစ်အထိ တားမြစ်ခံလိုက်ရပါတယ်။
မနှစ်က ရွေးကောက်ပွဲမှာ သူ့ရဲ့ အပြုအမူကြောင့် ဘရာဇီးလ်ပြည်ထောင်စုရွေးကောက်ပွဲ တရားရုံးက တရားသူကြီးအများစုက သူ့ကို ၂၀၃၀ ပြည့်နှစ်အထိ တားမြစ်ပိတ်ပင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ ဘရာဇီးရဲ့ အီလက်ထရွန်းနစ် မဲပေးစနစ်နဲ့ ပတ်သက်တဲ့ အခြေအမြစ်မရှိတဲ့ တောင်းဆိုချက်တွေကို ထုတ်ဖော်ဖို့ သံတမန်တွေကို ဆင့်ခေါ်ခဲ့တဲ့အခါ တရားသူကြီး ၇ ဦးထဲမှာ ၄ ဦးက အသက် ၆၈ နှစ်အရွယ် ဘော်လ်ဆိုနာရိုကို မနှစ်က ရွေးကောက်ပွဲမတိုင်ခင် ၂၀၂၂ ခုနှစ် ဇူလိုင်လ အာဏာအလွဲသုံးစားလုပ်မှုနဲ့ မီဒီယာကို အလွဲသုံးစားလုပ်မှုတွေနဲ့ အပြစ်ပေးဖို့အတွက် မဲခွဲဆုံးဖြတ်ခဲ့တာပါ။
စစ်ဗိုလ်ဟောင်း ဘော်လ်ဆိုနာရိုဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ သူ့ရဲ့ လက်ဝဲပြိုင်ဖက် လူလာဒါဆေးလ်ဗားကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တာပါ။
ဇန်နဝါရီ ၈ ရက်က ဘရာစီလီယာမြို့တော်ရှိ အစိုးရအဆောက်အအုံတွေကို ဘော်လ်ဆိုနာရိုထောက်ခံသူ ထောင်နဲ့ချီပြီး ကျူးကျော်ခဲ့မှုကို ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးဖို့ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကို ဖန်တီးခဲ့တယ်လို့ ဘရာဇီးပြည်သူ အများအပြားက စွပ်စွဲဝေဖန် အပြစ်တင်ထားပါတယ်။
ဘော်လ်ဆိုနာရိုဟာ ဘာမှားယွင်းမှုမရှိကြောင်း ငြင်းဆိုထားပြီး တရားရုံးချုပ်ကို အယူခံဝင်ဖို့ စီစဉ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
သူ့ကို နိုင်ငံရေးကနေ ဖယ်ထုတ်လိုက်တဲ့ စီရင်ချက်ဟာ သူ့ကို နောက်ကျော ဓားနဲ့ထိုးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဇွန်လ ၃၀ ရက် သောကြာနေ့မှာ ပြောပါတယ်။
ဘရာဇီးမှာ လက်ယာယိမ်းနိုင်ငံရေးကို တိုးတက်အောင် ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ဘော်လ်ဆိုနာရိုဟာ သူ့ကို အကျဉ်းထောင်ရဲ့ သံတိုင်တွေနောက်မှာ ထည့်ထားနိုင်တဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။