Home
မြန်မာသတင်း
သရက်‌‌ထောင်၌ အချိန်မီဆေးကုသခွင့်မရသည့် နိုင်ကျဉ်း ၁ ဦး သေဆုံး
DVB
·
September 19, 2025

မကွေးတိုင်း၊ သရက်အကျဉ်းထောင်မှာ အရေးပေါ်လူနာကို ထောင်အာဏာပိုင်တွေက အချိန်မီ ဆေးကုသခွင့် မ‌ပေးခဲ့တာကြောင့် စက်တင်ဘာ ၁၇ ရက်က နိုင်ငံရေးအကျဉ်းသားတယောက် ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်က စက်တင်ဘာ ၁၃ ရက်မှာ အသက်ရှူကျပ်တဲ့ ဝေဒနာကို ခံစားနေရတဲ့အတွက် ထောင်ဆေးရုံကို တက်ရောက်ကုသခဲ့ပြီး သက်ဆိုင်ရာ ထောင်ဆရာဝန်က အောက်စီဂျင်နဲ့ တခြားဆေးပစ္စည်းတွေ မလုံလောက်တဲ့အတွက် ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသဖို့ ညွှန်ကြားခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက်‌မှာ ထောင်ပြင်ပဆေးရုံကို ပြောင်းရွှေ့ကုသခွင့်ပေးဖို့ ထောင်ပိုင်ကို တင်ပြခဲ့ရာမှာတော့ ညွှန်မှူးလမ်းကြောင်းရှိနေတဲ့အတွက် ပြောင်းရွှေ့ကုသခွင့်မပေးဘဲ လူနာဟာ အချိန်မီ ဆေးကုသခွင့် မရတဲ့အတွက် စက်တင်ဘာ ၁၇ ရက် ညနေမှာ မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေအတွင်းမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ မပေးတာ၊ အချိန်မီ ဆေးကုသခွင့် မပေးတာတွေက လူသားတယောက် ရရှိရမယ့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်‌နေတာလို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေမှာ အဓိက ကျူးလွန်နေသူတွေကို ရပ်တန်းကရပ်ဖို့နဲ့ ဆက်လက် ကျူးလွန်နေမယ်ဆိုရင် PPNM အနေနဲ့ ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု အပြည့်အဝရရှိရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ PPNM က သတိပေး ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်မှာ အကျဉ်းထောင်တွင်း ဆေးကုသခွင့် မရရှိတာတွေကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး အယောက် ၂၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013