
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ ရိုက်နှက်နှိပ်စက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ထဲက နိုင်ငံရေးအကျဉ်းသား တယောက် သေဆုံးခဲ့ရတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဇွန်လ ၁၄ ရက်က နိုင်ငံရေးအကျဉ်းသားတွေ လက်ထဲမှာ ဖုန်းတွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘားအံအကျဉ်းထောင် ကြိုးကြာဆောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ကို ထောင်အာဏာပိုင်တွေက အဓမ္မခေါ်ယူ ရိုက်နှက်ကာ ခြေချင်းခတ်ပြီး ၃ လ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံထားရဆဲ ဖြစ်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မတရားရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဇူလိုင် ၁၃ ရက်မှာ နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်မင်းထွန်း သေဆုံးသွားခဲ့ရပြီး တခြားတိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေလည်း နံရိုးကျိုးတာတွေ၊ လက်ကျိုးတာတွေအပြင် ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပိတ်ခံ နိုင်ကျဉ်းတွေထဲက ကိုဇော်ဝင်းအောင် (ခ) ကိုဂျက်ကို ထောင်အာဏာပိုင်တွေက ဦးဆောင်သူလို့ သတ်မှတ်ပြီး တလကျော်ကြာ ခြေချင်းထောက်ထည့်ခံထားရပြီး ရိုက်နှက်နှိပ်စက်တာတွေကို နေ့တိုင်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဇော်ဝင်းအောင် (ခ) ကိုဂျက်က လက်ရှိအချိန်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ ကြိုးစားတာတွေလည်း ရှိနေတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကိုဇော်ဝင်းအောင် (ခ) ကိုဂျက် က ခြေချင်းထောက်ထည့်ခံထားရပြီး ရိုက်နှက်ခံနေရတာပါ။ နေ့တိုင်း ရိုက်နှက်ခံရတာ မခံနိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ထိ လုပ်တာတွေရှိတယ်။ ဉာဏ်မင်းထွန်းကတော့ ရိုက်နှက်ခံရတဲ့ဒဏ်နဲ့ ဆုံးပါးသွားတာကို နေမကောင်းလို့ ဆုံးသွားတယ်ဆိုပြီး ထောင်ပိုင်တွေက ပြောနေတယ်။ တခြားနိုင်ကျဉ်းတွေထဲမှာလည်း နံရိုးကျိုးတဲ့သူနဲ့ လက်ကျိုးတဲ့သူတွေလည်း ရှိပါတယ်။ ထောင်ဝန်ထမ်း အောင်ရဲနိုင်ဆိုကလည်း နှစ်ကြီးသမားတွေကို ရုံးတံဆိပ်တွေပေးပြီး ရိုက်နှက်ခိုင်းနေတာပါ။ မိသားစုဝင်တွေတောင် ဧည့်တွေ့ခွင့်မရှိပါဘူး။ ထောင်သတင်း အပြင်ကိုပေါက်ကြားရင် တိုက်ပိတ်ခံနေရတဲ့လူတွေကို သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိနေပါတယ်။”
ဘားအံအကျဉ်းထောင်မှာ ခုလို နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေ ထောင်အပြင်ဘက်ကို ပေါက်ကြားသွားရင် တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေကို သတ်ဖြတ်မယ်ဆိုပြီး ထောင်အာဏာပိုင် တပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင် က ခြိမ်းခြောက်ပြောဆိုတယ်လို့ သိရပါတယ်။
လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခံနေရတဲ့အထိ ပိုဆိုးဝါးလာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“လက်ရှိအချိန်မှာဆိုရင်လည်း ဘားအံအကျဉ်းထောင်မှာ ရှိတဲ့ တပွင့် အရာရှိ အောင်ရဲနိုင် ဆိုသူက နိုင်ငံရေးအကျဉ်းသားတွေ ဒီကိစ္စကို အပြင်ကိုထွက်အောင် ကြိုးစားရင်ဖြစ်ဖြစ်၊ အပြင်မှာ သတင်းထွက်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်မယ်ဆိုတဲ့ ပုံစံမျိုး ခြိမ်းခြောက်လာတာကို တွေ့ရပါတယ်။ ဒါက ဘာကိုပြသနေလဲဆိုတော့ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကို အပြင်က ပြည်သူတွေ မသိရှိဖို့၊ အဆက်အသွယ်ဖြတ်ပြီး သတင်းမှောင်ဖုံးဖို့ကို စနစ်တကျ ဆောင်ရွက်လာတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒီအခြေအနေဟာ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား/သူ အားလုံးရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေတခုအထိကို တဖြည်းဖြည်း ဆိုးဝါးလာနေပါတယ်လို့ ပြောချင်ပါတယ်။”
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး လုံလောက်တဲ့ ဆေးကုသခံယူခွင့်တွေ ဆုံးရှုံးနေကြရသလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေဟာလည်း ဆက်တိုက်ရှိနေဆဲပါ။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၇,၂၀၅ ယောက်အထိ သေဆုံးခဲ့ရပြီး သေဆုံးသူ ၇,၂၀၅ ယောက်နဲ့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၆၄၁ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်